ပျားရည်မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခြောက်သွေ့တဲ့ အသားအရေကို ပြန်လည် စိုပြေစေပါတယ်။ အသားအရေကို သန့်ရှင်းစေပြီး နူးညံ့စိုပြေစေပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အသားအရေ ထိခိုက်ပျက်စီးခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ပျားရည်မှာ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အသားအရေကို နုပျိုစေပါတယ်။ ဒါ့ကြောင့် အသားအရေကို ကြည်လင်စိုပြေစေပါတယ်။ ပျားရည်နဲ့ ပေါင်းတင်ကြည့်ရအောင်။

နည်းလမ်း (၁)

ပါဝင်ပစ္စည်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နွားနို့ ပူပူ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

နွားနို့ကို အပူနည်းနည်းပေးလိုက်ပြီး ပျားရည်နဲ့ ရောလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ပျားရည်ဟာ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

နည်းလမ်း (၂)

ပါဝင်ပစ္စည်း

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြင်ဆင်ခြင်း

ပျားရည်နဲ့ ဆားကို ရောလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ရေဆေးချပေးလိုက်ပါ။ အသားအရေပေါ်က အဆီတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေကို သေစေနိုင်မှာဖြစ်ပါတယ်။

နည်းလမ်း (၃)

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်ဥအနှစ် ၁ လုံး

ကွေကာအုတ်အကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကို သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပြီး ခြောက်အောင်ထားလိုက်ပါ။ အဲဒီနောက် ရေအေး (သို့) ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။