ညအိပ်ယာမ၀င်ခင် အလှအပအတွက် ဘာတွေ လုပ်ဆောင်ပေးလေ့ရှိပါသလဲ။ တစ်နေကုန် မိတ်ကပ်လိမ်းထားတဲ့ မျက်နှာအသားအရေက ပင်ပန်းနွမ်းနယ်နေပါပြီ။ ဒီကြားထဲ နေရောင်ဒဏ်က ထိတွေ့လိုက် ဖုန်မှုန့်တွေထိလိုက်နဲ့ အသားအရေက ညစ်နွမ်းနေပါပြီနော်။ ဒီတော့ အိပ်ပြန်ရောက်ပြီး ညအိပ်ယာမ၀င်ခင်လေးမှာ သဘာဝနည်းလမ်းအတိုင်း Skincare လုပ်လိုက်ရအောင်ပါ။
အုန်းဆီနဲ့ မိတ်ကပ်ဖျက်မယ်
ညဖက်အိပ်ယာမ၀င်ခင်မှာ အုန်းဆီနဲ့ မိတ်ကပ်တွေ Eyeliner တွေ Mascara တွေ နှုတ်ခမ်းနီတွေကို ဖျက်ပေးပါ။ အဲဒီအတွက် အုန်းဆီက အကောင်းဆုံးပါပဲ။
သွားတိုက်တံနဲ့ ပွတ်မယ်
ပြီးရင်တော့ နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားနိုင်ဖို့ သွားတိုက်တံနဲ့ ပွတ်တိုက်ပေးပါ။
ချွေးပေါက်တွေကို ရေခဲတုံးနဲ့ ဖွင့်မယ်
ရေခဲတုံး အနေတော်လောက်ကို မျက်နှာ နာခေါင်း အနှံ့မှာ ပွတ်တိုက်ပေးပါ။ ဒါဆို ချွေးပေါက်တွေ ပွင့်သွားမှာဖြစ်ပါတယ်။
Green Tea ကိုလိမ်းမယ်
Green Tea လက်ဖက်ခြောက်အရည်ကို ၀ါဂွမ်းစနဲ့တို့ပေးပြီး မျက်နှာအနှံ့ ညင်သာစွာ လိမ်းပေးပါ။ Green Tea က မျက်နှာပေါ်က PH level ကို ညီမျှဝေမှာမို့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ဝက်ခြံတွေအတွက် ပန်းသီး ရှလကာရည်
ပန်းသီးရှလကာရည်က ၀က်ခြံတွေ ၀က်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေကို သက်သာပျောက်ကင်းစေပါတယ်။ ပန်းသီးရှာလကာရည်ကို ၀ါဂွမ်းစွတ်ပြီး ၀က်ခြံတွေ အမည်းစက်တွေပေါ်မှာ လိမ်းပေးပါ။ ၀က်ခြံခြောက်ပြီး ပျောက်သွားပါလိမ့်မယ်။
Green Tea အထုပ်ကို မျက်လုံးပေါ် ကပ်မယ်
Green Tea အထုပ်ကို ရေနွေးနဲ့ စိမ်ထားပြီး အဲဒီအထုပ်ကို ဆယ်ကာ ရေခဲသေတ္တာထဲမှာ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် မျက်လုံးပေါ်မှာကပ်ပေးပြီး နာရီဝက်လောက် ထားပါ။
ကြက်ဆူဆီကိုလိမ်းမယ်
မျက်ခုံးမွှေး မျက်တောင်မွှေးတွေ ထူစေဖို့ ကြက်ဆူဆီကို လိမ်းပေးပါ။ ကြက်ဆူဆီက မျက်ခုံးမွှေးကို သန်စေပြီး မျက်တောင်ရှည်ရှည်လေးရရှိစေမှာပါ။ တစ်လအတွင်းမှာ သိသာတဲ့ ရလဒ်ကို ခံစားရမှာပါ။
အသားအရေ ဖြူဝင်းစေဖို့ ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်ကို မျက်နှာအနံ့မှာ လိမ်းပေးပြီး အိပ်ယာဝင်ပါ။ မနက်ကျရင် မျက်နှာသစ်လိုက်ပါ။ ဒါမှမဟုတ်လည်း ၄၅ မိနစ် ၁ နာရီလောက်ထားပြီး မျက်နှာသစ်လိုက်ပါ။