မိတ်ကပ်လိမ်းပြီးရင် မိတ်ကပ်ကို သေချာဖျက်ဖို့လိုပါတယ်။ ဒါမှ ချွေးပေါက်ပိတ်တာကို သန့်စင်ပေးနိုင်ပြီး ကျန်းမာတဲ့ အသားအရေကို ရရှိစေမှာပါ။ မိတ်ကပ်လိမ်းတဲ့နေရာမှာ ရေစိုခံတဲ့မိတ်ကပ်၊ မျက်တောင်ကော့ဆေးတွေကို အသုံးပြုထားရင် မိတ်ကပ်ကို သေသေချာချာဖျက်ဖို့လိုပါတယ်။

မိတ်ကပ်ဖျက်ဖို့ မိတ်ကပ်ဖျက်ရည်ကို အပိုငွေကုန်လို့ မဝယ်ချင်တဲ့ ပျိုမေတို့အတွက် သဘာဝနည်းလမ်းနဲ့ မိတ်ကပ်ဖျက်နည်းတွေကို မျှဝေပေးချင်ပါတယ်။

သံလွင်ဆီ၊ အုန်းဆီ၊ ဗာဒံဆီ စတဲ့ သဘာဝအဆီတစ်မျိုးမျိုးနဲ့ မိတ်ကပ်ဖျက်မယ်

သဘာဝအဆီတစ်မျိုးမျိုးဖြစ်တဲ့ သံလွင်ဆီ၊ အုန်းဆီ ဗာဒံဆီကို သုံးပြီး မျက်နှာပေါ်က မိတ်ကပ်ကိုဖျက်လို့ရပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်လို့ အရမ်းကိုအဆင်ပြေပါတယ်။

နွားနို့

နွားနို့ကိုလည်း သဘာဝမိတ်ကပ်ဖျက်ဆေးအနေနဲ့ အသုံးပြုလို့ရပါတယ်။ နွားနို့ကိုအသားအရေ အလှအပအတွက် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအသုံးပြုခဲ့ကြတာပါ။ နို့ထဲမှာ ဝါဂွမ်းနစ်ပြီး မျက်နှာပေါ်ကို ပွတ်ပေးပါ။ မျက်လုံးနားတစ်ဝိုက်ကို သေချာပွတ်ပေး မိတ်ကပ်ဖျက်ပေးရမှာပါ။

ဒိန်ချဉ်

ဒိန်ချဉ်ကိုလည်း မိတ်ကပ်ဖျက်တဲ့နေရာမှာ အသုံးပြုလို့ရပါတယ်။ ဘာမှရောမထားတဲ့ ဒိန်ချဉ်သန့်သန့်ကို ဝါဂွမ်းစနစ်ပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းကာ မိတ်ကပ်ဖျက်ပေးရမှာပါ။ ပြီးရင် ရေအေးနဲ့ မျက်နှာသစ်ချပါ။

ပျားရည်

မျက်နှာပေါ်က အညစ်အကြေးတွေ မိတ်ကပ်တွေကို သန့်စင်ပေးရာမှာ အကောင်းဆုံးပါပဲ။ ဘက်တီးရီးယားဆန့်ကျင် ပစ္စည်းတွေပါဝင်လို့လည်း ဝက်ခြံအပြင် တခြားပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ အသားအရေ ချောမွတ်ပြီး နူးညံ့နေစေပါတယ်။ အဝတ်စအသန့်တစ်ခုကို ရေစွတ်ပြီး ပျားရည်လိမ်းကာ မျက်နှာပေါ်က မိတ်ကပ်တွေကို ဖျက်ပေးရမှာပါ။ ပြီးရင် ၅ မိနစ် ၁၀ မိနစ်လောက်ထားပြီး ရေနွေးနဲ့မျက်နှာသစ်ပါ။ အဆီပြန်တဲ့အသားအရေဖြစ်ရင် သံပုရာရည် အနည်းငယ်ထည့်လို့ရပါတယ်။ ခြောက်သွေ့တဲ့အသားအရေဆိုရင်တော့ နွားနို့ (သို့) ခရင်မ် တစ်မျိုးမျိုးထည့်ပေးနိုင်ပါတယ်။