ဝက်ခြံက အရေးပြား ပြဿနာ တစ်မျိုးပါ။ အနီရောင် အဖုလေးတွေက မျက်နှာပေါ်မှာ ဖြစ်လာမယ်။ ဆေးပညာ အသုံးအနှုန်းအရတော့ Acne Vulgaris လို့ ခေါ်ပါတယ်။

ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်း

  • အဆီပြန်မှု များခြင်း
  • ဆဲလ်အသေတွေ အများကြီး ရှိနေခြင်း
  • ချွေးပေါက်တွေထဲမှာ ဘက်တီးရီးယားတွေ ရှိနေခြင်း
  • မိတ်ကပ်
  • ရာသီလာမှု မမှန်ခြင်း
  • ကိုယ်ဝန်ဆောင်နေချိန် ဟော်မှုန်းပြောင်းလဲခြင်း

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေမှာ Antioxidant ဓာတ်တွေ အများအပြားပါဝင်နေပါတယ်။ အဲ့ဒီအပြင် ဗီတာမင် C, A နဲ့ K တို့လည်း ပါဝင်နေပါတယ်။ ဒီဓာတ်တွေက ဝက်ခြံတွေ ပျောက်ကင်းစေဖို့အတွက် အဓိက အချက်တွေဖြစ်ပါတယ်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ဝက်ခြံအပေါ်မှာ ကပ်လိုက်ပါ။ ဒါမှမဟုတ် ခရမ်းချဉ်သီးကို ချေလိုက်ပြီး ခရမ်းချဉ်သီး အနှစ်တွေ ရအောင် လုပ်လိုက်ပါ။ Facial Mask လိုမျိုး မျက်နှာပေါ်မှာ ကပ်လို့ရပါတယ်။ ဒီနည်းကို ထပ်ခါထပ်ခါ အသုံးပြုရင် ဝက်ခြံတွေ သိသာ စွာ လျော့နည်းသွားမှာပါ။

အာလူး

အာလူးမှာ အသားဖြူစေတဲ့ ဓာတ်တွေ ပါဝင်တဲ့အပြင် ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေပါတယ်။ အာလူးကို ပြုတ်လိုက်ပါ။ အာလူးပြုတ်ကို ပါးပါးလှီးပြီး ဝက်ခြံရှိတဲ့နေရာမှာ ကပ်ပေးပါ။ အသားတွေကို ဖြူဝင်းစေရုံသာမကဘဲ အရေးအကြောင်းတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

အာလူးအစိမ်းကိုလည်း အသုံးပြုလို့ရပါတယ်။ အာလူးကို ပါးပါးလှီးပြီး ဝက်ခြံအပေါ်မှာ တင်လိုက်ပါ။ ၁၀ မိနစ်လောက်ထားထားပါ။ အာလူးမှာ ဘက်တီးရီး တွေကို သေစေနိုင်တဲ့ သတ္တိပါဝင်တာကြောင့် ဝက်ခြံထဲမှာ ရှိတဲ့ ဘက်တီးရီးယားကို သေစေနိုင်ပါတယ်။

နောက်တစ်နည်းကတော့ အာလူးပြုတစ်လုံးကို ချေလိုက်ပြီး နို့မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ထည့်ပါ။ ချွဲချွဲပြစ်ပြစ် ဖြစ်အောင် မွှေလိုက်ပါ။ မျက်နှာပေါ်မှာ ကပ်လိုက်ပါ။ ၁၅ မိနစ်ထားပြီးနောက် မျက်နှာကို ရေနဲ့ ဆေးချပါ။

ဝက်ခြံအမာရွတ်တွေ ဖယ်ရှားချင်ရင် အားလူးကို အသေးလေးတွေဖြစ်အောင် ခြစ်နဲ့ ခြစ်ပြီး အဲ့အစိတ်အပိုင်းလေးတွေကို မျက်နှာပေါ်မှာ တင်ပြီး နှိပ်ပေးပါ။

သခွားသီး

သခွားသီးက မျက်နှာပေါ်မှာ အဆီပြန်တာတွေ၊ အသားအရည်ကို စိုစွတ်အောင် လုပ်နိုင်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ သူက အသားအရေပေါ်က သေနေတဲ့ ဆဲလ်တွေကို ဖယ်ရှားတဲ့နေရာမှာလည်း ကူညီပေးပါတယ်။

သခွားသီးကို မျက်နှာသစ်တဲ့နေရာမှာလည်း အသုံးချလို့ရပါတယ်။ သခွားသီးကို ချေလိုက်ပြီး ရေအနည်းငယ်ထည့်လိုက်ပါ။ အဲ့နောက် သေချာ ရောမွှေပြီး အဲ့ဒီအရည်နဲ့ မျက်နှာ သစ်ပါ။