သင့်ရဲ့ လက်ချောင်း ခြေချောင်းလေးကို ဂရုစိုက်သလို တံတောင်ဆစ်နဲ့ ဒူးကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ အကျ်ီလက်တိုဝတ်တဲ့အခါ ဘောင်းဘီအတိုနဲ့ စကတ်အတိုလေးတွေဝတ်တဲ့အခါမှာလည်း ဆွဲဆောင်မှုရှိနေစေဖို့ သင့်ဒူးခေါင်းနဲ့ တံတောင်ဆစ် ဖြူဝင်းစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

ဖြစ်ရတဲ့အကြောင်းအရင်း

အရေပြား ဓါတ်မတည့်ဖြစ်တာကြောင့်

ဓါတုပစ္စည်းပါတဲ့ Lotion တွေလိမ်းပေးလို့

ဆဲလ်သေတွေ များနေလို့

အသားအရေ ခြောက်သွေ့လို့

အသက်အရွယ်ကြောင့် စသဖြင့်အမျိုးမျိုးရှိပါတယ်။

သဘာဝနည်းလမ်းလေးတွေ

၁။ သံပုယိုသီး နဲ့ ပျားရည်

တံတောင်ဆစ်မည်းတာ ဒူးမည်းတာတွေအတွက် သံပုယိုသီးကတော့ မပါမဖြစ်ပါပဲနော်။ သံပုယိုသီးကို အရည်ညှစ်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ ရောလိုက်ပါ။ ပြီးရင် လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေနွေးနဲ့ဆေးချပါ။

သံပုယိုသီးကို ပါးပါးလှီးပြီး ပွတ်လိမ်းပေးရင်လည်းရပါတယ်နော်။ တစ်ပတ်ကို ၁ ကြိမ်လောက်ပဲလုပ်ပေးပါ။ (သံပုယိုသီးအစား သံပုရာသီးကို အသုံးပြုပေးနိုင်ပါတယ်။)

၂။ နာနတ်သီး နဲ့ ဆား

နာနတ်သီးကို ပါးပါးလှီးပြီး အခွံနွှာလိုက်ပါ။ ပြီးရင် အဲဒီအပေါ်မှာ ဆားနည်းနည်းတင်ပြီး တံတောင်နဲ့ ဒူးကို ပွတ်လိမ်းပေးပါ။ တစ်နေ့ကို ၁ ခါလုပ်ပေးပါ။ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေ နူးညံ့ကာ ဖြူဝင်းလာမှာပါ။

၃။ ဒိန် (Curd) နဲ့ ရှလကာရည် (အဖြူ)

ဒိန် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရှလကာရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောလိုက်ပါ။ ပြီးရင် သေချာမွှေပေးပြီး ဒူးနဲ့ တံတောင်ဆစ်တွေမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေဆေးချပါ။ အသားအရေ ဖြူဝင်းလာစေမှာပါ။

အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို ချိုင်းကြားအသားအရေ ဖြူဝင်းဖို့လည်း အသုံးပြုနိုင်ပါတယ်။