ရင်သွေးလေးကို နို့တိုက်ကျွေးတာဟာ ဘယ်လိုအကျိုးကျေးဇူးတွေရှိနေလဲဆိုတာ သင်သိပါသလား။ ရိုးရိုးနို့တွေထက် မိခင်နို့ကို တိုက်ကျွေးတာဟာ သပ်ကိုကောင်းပါတယ်။ မိခင်နို့ထက် ပိုကောင်းတဲ့ အာဟာရဓာတ်ဆိုတာမရှိတော့ပါဘူး။

ဘာကြောင့် မိခင်နို့တိုက်ကျွေးတာဟာ အကောင်းဆုံးဖြစ်သလဲ၊ မိခင်နို့တိုက်ကျွေးရင် ဘယ်လိုအကျိုးရှိသလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ရောဂါတွေနဲ့ ဖျားနာခြင်းကို ကာကွယ်ပေးတယ်။

ကလေးကို နို့တိုက်ကျွေးတာဟာ အအေးမိဖျားနာခြင်း၊ ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ကူးဆက်ခံရခြင်းကနေ ကာကွယ်ပေးပါမယ်။ မိခင်တေါအနေနဲ့လည်း ရင်သားကင်ဆာ သားအိမ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ ကလေးတွေအနေနဲ့လည်း ဆီးချို ဖြစ်နိုင်ချေနည်းပါတယ်။ မိခင်နို့ဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်အားအင်အပြည့်ကို ပေးစွမ်းတာမို့ မိခင်တွေကိုယ်တိုင် အာဟာရပြည့်ဝတဲ့အစားအစာကို ရွေးချယ်စားသုံးပေးပါ။

၂။ အဆီတွေလောင်ကျွမ်းစေပြီး မိခင်ရဲ့ အရိုးတွေကို သန်မာစေပါတယ်။

မိခင်နို့ ၁ အောင်ဆကို ကယ်လိုရီ ၂၀ ပါဝင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ကယ်လ်လိုရီ ၅၀၀ လောက်လောင်ကျွမ်းပါတယ်။ အဲဒီလိုနို့တိုက်ကျွေးနေစဉ်မှာ မိခင်တွေအနေနဲ့ ကိုယ်စားလိုက်တဲ့အစားအစာတွေထဲက ကယ်လ်ဆီယမ်စုပ်ယူမှုကို အားကောင်းစေပြီး အရိုးပါးရောဂါ အရိုးပွရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၃။ ရင်သွေးလေးတွေရဲ့လိုအပ်တဲ့ အာဟာရဓာတ်တွေကို မျှတစေတယ်။

မိခင်နို့မှာ ကာဘွန်ဟိုက်ဒရိတ်ဓာတ်တွေ၊ ပရိုတင်းဓာတ်တွေပါဝင်ပြီး သင့်ကလေးအတွက် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်လို့ ရင်သွေးလေးကို ကျန်းမာစေပါတယ်။

၄။ IQ မြင့်စေပြီး အဝလွန်တာမျိုး ဖြစ်နိုင်ချေနည်းသွားမယ်။

မိခင်နို့အပြည့်အ၀ သောက်ရတဲ့ကလေးတွေဟာ IQ မြင့်မားတယ်လို့ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်တွေမှာဖော်ပြထားပါတယ်။ အဲဒီလေ့လာမှုကို အသက် ၅ နှစ်ကနေ ၆ နှစ်ကြား ကလေးတွေကို လေ့လာခဲ့တာဖြစ်ပြီး မိခင်နို့တိုက်ကျွေးထားတဲ့ကလေးတွေဟာ မတိုက်ကျွေးရတဲ့ကလေးတွေထက် IQ ပိုမြင့်နေတာကို တွေ့ရှိခဲ့တာပါ။ ဒါ့အပြင် အဝလွန်ရောဂါဖြစ်ပွားနိုင်ချေလည်း သိပ်ကိုနည်းပါတယ်။

၅။ မွေးကင်းစအရွယ်မှာ သေဆုံးနိုင်ချေနည်းသွားမယ်။

မိခင်နို့တိုက်ကျွေးတဲ့ကလေးတွေဟာ မွေးကင်းစ လသားအရွယ်လောက်မှာ သေဆုံးနိုင်ချေ ၅၀% နည်းပါတယ်လို့ လေ့လာသူတွေကဆိုပါတယ်။