မိဘတိုင်းကိုယ့်ရဲ့ကလေးတွေကို ပျော်ရွှင်စေချင်ကြပါတယ်။ ကိုယ့်ရဲ့ကလေးတွေကို ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိလာဖို့ တည်ဆောက်ပေးတာဟာ သူတို့အနေနဲ့ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ပေးနိုင်ဖို့ ကူညီပေးမှာပါ။

၁။ ကလေးတွေကို ရှင်းပြပါ။

ငယ်သေးတဲ့ကလေးတွေဆို လူကြီးတွေပြောတာမှန်သမျှကို မသိနိုင်ပါဘူး။ အဲဒီအခါ သူတို့ကို ရှင်းပြပေးပါ။

၂။ တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

ကိုယ့်ရဲ့ကလေးကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်ဥပမာပေးတာဟာ သူတို့လေးတွေအတွက် ဆိုးကျိုးပိုဖြစ်စေပါတယ်။ ကလေးတွေမှာ ကိုယ်ပိုင်အရည်အချင်းတွေရှိကြပါတယ်။ အဲဒီအရည်အချင်းတွေကို ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပဲ ပြုစုပျိုးထောင်ပေးပါ။

၃။ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ရှင်းပြပေးပါ။

လူမှန်ရင် ဒေါသထွက်တတ် ဝမ်းနည်းတတ်ကြပါတယ်။ အဲဒီအခါ လူရှေ့သူရှေ့မှာ ဒေါသမထွက်ဘဲ ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ပေးပါ။ ရှင်းပြပေးပါ။

၄။ သူတို့တွေ အမှားလုပ်ပါစေ။

အမှားသိရင် အမှန်ပြင်နိုင်ပါတယ်။ ကလေးတွေကို အမှားလုပ်ဖို့ခွင့်ပြုပေးနိုင်ပါတယ်။ ပြီးရင် အမှန်ပြင်ပေးပါ။ အမှန်ပြင်နိုင်အောင်လမ်းပြပေးပါ။ အမှားလုပ်မိတိုင်း အပြစ်တင်နေမယ့်အစား သူတို့လေးတွေကို အမှားလုပ်တာကိုခွင့်ပြုပြီး အမှန်သိအောင် လမ်းပြပေးပါ။ နောက်တစ်ခါကြိုးစားဖို့ တိုက်တွန်းပါ။

၅။ သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို ထည့်သွင်းစဉ်းစားပေးပါ။

သူတို့တွေ သင့်ကိုပြောလာတဲ့စကားတွေကို နားထောင်ပါ။ သူတို့ရဲ့ ထင်မြင်ယူချက်တွေကို လေးစားပါ။ သူတို့လေးတွေနဲ့ စကားပြောပါ။

၆။ သင်ကိုယ်တိုင်လည်း ပျော်ပျော်နေပါ။

မိဘတွေကိုယ်တိုင်လည်း ပျော်ပျော်နေမှ ကလေးတွေလည်းပျော်နိုင်မှာပါ။ သင့်ကလေးက သင့်ကိုကြည့်ပြီး အတုယူနေတယ်ဆိုတာ သတိရပါ။ သင်ပျော်နေတဲ့အခါ သူတို့လေးတွေနဲ့ အပျော်တွေကို မျှဝေပါ။