မိဘတစ်ယောက်ဖြစ်ရတာဟာ မွန်မြတ်လှပါတယ်။ မိဘတစ်ယောက်ဖြစ်ဖို့မလွယ်ကူသလို မိဘကောင်းတစ်ယောက်ဖြစ်ဖို့လည်း ခက်ပါတယ်။ ကလေးတစ်ယောက်ကို လူလားမြောက်အောင်မွေးဖို့ကလည်းမလွယ်ကူလှပါဘူး။

ကလေးတွေစိတ်ထိခိုက်နိုင်ပြီး သူတို့လေးတွေရဲ့ အမူအကျင့်တွေကိုပါ ဆိုးကျိုးဖြစ်စေတဲ့ မိဘတစ်ယောက်အနေနဲ့ မပြုလုပ်သင့်တဲ့ အချက် ၅ ချက်ကို မျှဝေပေးပါမယ်။

ကလေးတွေအပေါ် လျစ်လျူရှုထားခြင်း

ကိုယ့်ရဲ့ ကလေးက ကိုယ့်ကိုတစ်ခုခုပြောတဲ့အခါ နားမထောင်ဘဲ ကလေးကို လျစ်လျူရှုထားပြီး ကိုယ်တစ်ယောက်တည်း ပြောချင်တာပြောတာဟာ ကလေးတွေကို သူတို့က သင့်အတွက်အရေးမကြီးဘူး လို့ခံစားရစေပါတယ်။ ကိုယ့်ရဲ့ကလေးက ကိုယ့်အပေါ် တစ်ခုခုပြောတဲ့အခါ နားမထောင်ဘဲ ဖြတ်ပြောတာမျိုးမလုပ်ပါနဲ့။ သူ့ကိုလည်း အခုလိုမျိုးမလုပ်ဖို့ ပြောပြပါ။ တစ်ခြားတစ်ယောက်စကားပြောတဲ့အခါ သေချာနားထောင်တတ်တဲ့အကျင့်ကို ပျိုးထောင်ပါ။

ကိုယ့်ကိုကိုယ် ဝေဖန်ခြင်း

ကလေးတွေရှေ့မှာ ငါ့ဆံပင်ကောက်နေတာကြီးကိုမုန်းလိုက်တာ ဆံပင်ကဖြောင့်ဖြောင့်လေးဖြစ်ရင်ကောင်းမှာပါ။ ဝိတ်လေးကျသွားရင်ကောင်းမှာပဲလို့ ပြောတာမျိုးပါ။ အဲဒီလိုမျိုးပြောတဲ့အခါ ကလေးတွေလည်း သူတို့ကိုယ်သူတို့ ငါတို့ရော ဘယ်နားမှာလိုအပ်ချက်ရှိနေလဲဆိုတဲ့အတွေးဝင်သွားစေပါတယ်။ ကိုယ့်ကိုကိုယ် အနုတ်သဘောဆောင်တဲ့ ပြောဆိုဝေဖန်မှုတွေမလုပ်ဘဲ အပြုသဘောဆောင်တာမျိုး တွေးပါ။ ယုံကြည်မှုရှိပါ။

ကလေးအပေါ် မိဘတစ်ယောက်လိုမဆက်ဆံခြင်း

ကလေးတွေအပေါ် မိဘတစ်ယောက်လိုမဆက်ဆံဘဲ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံတာ၊ ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေကို ပြောတာ သူတို့လေးတွေရဲ့ အကြံဉာဏ်ကိုတောင်းဆိုတာမျိုးပါ။ မိဘနဲ့ သားသမီးကြားမှာ စည်းလေးတစ်ခုတော့ ခြားသင့်ပါတယ်။ ကလေးတွေက ငယ်သေးရင် ပိုလို့တောင်လိုအပ်ပါတယ်။ သူတို့လေးတွေကို မေတ္တာတရားအကြောင်း ဘုရားတရားအကြောင်း အမှားအမှန်အကြောင်း ပြောဆိုဆုံးမပေးပါ။

ကိုယ့်ဒေါသကို မချုပ်တည်းနိုင်ခြင်း

လင်နဲ့မယားဆိုတာ လျှာနဲ့သွားဆိုသလို မကြာခဏ အနည်းနဲ့အများတော့ စကားများလေ့ရှိတတ်ပါတယ်။ ကလေးတွေရှေ့မှာ ကိုယ့်အမျိုးသမီး အမျိုးသားကို အော်တာမျိုးမလုပ်ပါနဲ့။ သူတို့လေးတွေ သင့်ကိုကြည့်ပြီး အတုယူနေတာကိုသတိရပါ။ စိတ်အေးအေးထားပြီး ဖြေရှင်းတာကောင်းပါတယ်။ ကိုယ့်ကလေးတွေကိုလည်း သင်ပေးပါ။

ကလေးတွေကို ချူပ်ချယ်ခြင်း

ကလေးတွေကို ချုပ်ချယ်လွန်းတာဟာ ကလေးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ပိတ်ပင်လွန်းရာကျပြီး သူတို့ရဲ့ အယူအဆတွေက ဘာမှအသုံးမဝင်ဘူးလို့ ထင်သွားစေပါတယ်။ အဲဒီအစား အကျိုးနဲ့အကြောင်းနဲ့ ရှင်းပြပါ။ အလကားနေရင် ကလေးတွေနဲ့အတူမဆော့ရဘူးတို့၊ ဟိုကလေးတွေနဲ့ဆို မဆော့ရဘူး။ မသွားရဘူး။ မလာရဘူးဆိုတာမျိုး မလုပ်ပါနဲ့။