တစ်ပတ်မှာ အနည်းဆုံးတစ်ခါလောက်တော့ ငါးဟင်းချက်စားကြမှာပါ။ ငါးစားရင် ကျန်းမာရေးကောင်းတယ်ဆိုတာ ပြောစရာမလိုအောင်သိကြပြီးသားပါ။ ဒါပေမယ့် ငါးခေါင်းရော စားကြရဲ့လား။ငါးခေါင်းကို ကြိုက်တဲ့သူလည်းရှိသလို မကြိုက်တတ်တဲ့သူလည်းရှိပါတယ်။ တစ်ခါတစ်လေ ငါးခေါင်းကို ဖယ်ပစ်တာမျိုးတောင်ရှိကြပါတယ်။ ဒါဆို ငါးခေါင်းစားရင် ကျန်းမာရေးအနေနဲ့ ဘာအကျိုးရမလဲဆိုတာတော့ သိထားသင့်ဖို့လိုပါပြီ။

၁။ ပရိုတင်းဓာတ်ကြွယ်ဝတယ်။

ငါးက ပရိုတင်းကြွယ်ဝစာဆိုတာကို လူတိုင်းသိကြပါတယ်။ သိရမှာက ငါးခေါင်းစားရင်တော့ ချက်ချင်းပဲ လိုအပ်တဲ့ ပရိုတင်းဓာတ်တွေရရှိမှာပါ။ တခြားအသားတွေထက်စာရင် ငါးစားပေးတာက ကျန်းမာရေးပိုကောင်းစေပါတယ်။ သူ့မှာ ပြည့်ဝအဆီပါဝင်နှုန်းနည်းတာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းစေတဲ့ ကိုလက်စထရောတွေကို တိုးလာစေပါတယ်။ နီရဲနေတဲ့ အသားတွေစားမယ့်အစား ငါအစားထိုးစားပေးရင် နာတာရှည်ရောဂါတွေဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

၂။ Omega-3 အဆီအက်ဆစ်ကြွယ်ဝတယ်။

ခန္ဓာကိုယ်က Omega-3 ကိုသူ့အလိုလိုမထုတ်လုပ်ပေးနိုင်တဲ့အတွက် အစားအစာတွေထဲကနေ စားသုံးရယူ ရတယ်။ Omega-3က ဦးနှော်က်လုပ်ငန်းဆောင်တာကို တိုးတက်ကောင်းမွန်စေပြီး မှတ်ဉာဏ်နည်းခြင်းမှ ကင်းဝေးစေပါတယ်။ ကိုလက်စထရောများခြင်း၊ သွေးပေါင်တက်ခြင်း စတဲ့ နှလုံးဆိုင်ရာရောဂါများအပြင် နှလုံးအောင့်ခြင်း၊ လေအောင့်ခြင်းစတာတွေကိုလည်း တားဆီးပေးပါတယ်။

၃။ Vitamin A ကြွယ်ဝတယ်။

ငါးခေါင်းထဲက ဦးနှောက်နဲ့ အဆီမှာ Vitamin A ပေါများစွာပါဝင်ပါတယ်။ ငါးရဲ့အခြားအစိတ်အပိုင်းတွေမှာလည်း ပါဝင်ပေမယ့် အကျိုးကျေးဇူးများများရချင်ရင်တော့ ငါးခေါင်းပါဝါးစားပါ။ Vitamin A ကခန္ဓာကိုယ်ရှိ ရောဂါခုခံစနစ်ကို တိုးတက်စေတာကြောင့် ဖျားနာခြင်းနှင့် အခြားရောဂါဘယတွေကို တိုက်ဖျက်ကာကွယ်ပေးပါတယ်။ အမြင်အာရုံအတွက် ဗီတာမင် အေ မရှိမဖြစ်လိုအပ်ပါတယ်။သက်ကြီးရွယ်အိုတွေမှာဖြစ်တတ်တဲ့ အမြင်အာရုံချို့တဲ့ခြင်းနဲ့ တိမ်စွဲခြင်းကိုလည်း တိုက်ခိုက်ပေးပါတယ်။

၄။ အရသာကြွယ်ဝတယ်။

ဒါကတော့ ငါးခေါင်းကြိုက်သူတွေအသိဆုံးပါ။ သူ့ရဲ့အဆီနှစ်နဲ့ အသားက စားလိုက်ရင် ပါးစပ်ထဲမှာနှစ်နှစ်ကလေးနဲ့ ပျော်ဝင်သွားစေပါတယ်။ အထူးသဖြင့် ငါးခေါင်းမကြိုက်တဲ့သူတောင် ငါးခေါင်းချဉ်ရည်ဟင်းဆိုလို့ကတော့ လာထားပဲ။ အဲ့ဒီ့အပြင် စွပ်ပြုတ်တွေမှာထည့်ချက်လည်း အရသာပိုတိုးစေပါတယ်။

အခုဆိုရင် ငါးခေါင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေသိရပြီဆိုတော့ ငါးခေါင်းကြိုက်တဲ့သူရော မကြိုက်တဲ့သူရော ချက်စားချင်စိတ်တွေ တဖွားဖွားပေါ်လာပြီလို့ယုံကြည်ပါတယ်။