ခန္ဓာကိုယ်ကျန်းမာနေဖို့အတွက်နဲ့ နေ့စဉ်လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းအင်ကို အဓိက ထောက်ပံ့ပေးနေတာက အစားအစားပါ။ ခန္ဓာကိုယ်က အစားစားဖို့ လိုအပ်ချိန်မှာတောင် သင်ဗိုက်ဆာတယ်လို့ မခံစားရဘူးဆိုရင်တော့ ဒါဟာကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ အစားစားချင်စိတ် နည်းတာ၊ မရှိတာက ကျန်းမာရေး ပြဿနာကြောင့် ဒါမှမဟုတ် တခြားအကြောင်းရင်းမျာစွာကြောင့် ဖြစ်တတ်ပါတယ်။  ဒါကြောင့် ဘယ်လိုအကြောင်းအရာတွေက အစားစားချင်စိတ်ကို ပျောက်စေနိုင်လဲဆိုတာ သတိထားမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများနေပြီဆိုရင် ဗဟိုအာရုံကြောစနစ်က အစာခြေနှေးစေတဲ့ ဟော်မုန်းများကို ထုတ်လွှတ်တာကြောင့် အစားစားချင်စိတ်ကို နည်းပါးစေတတ်ပါတယ်။ ဒါကြောင့် နာတာရှည် စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျတဲ့သူတွေဟာ အစားစားချင်စိတ်နည်းတတ်ပြီး ရေရှည်ပျို့အန်တာကို ခံစားရနိုင်ပါတယ်။

အဖျားနဲ့နာတာရှည်ရောဂါများ

အအေးမိ၊ တုပ်ကွေး၊ ချောင်းဆိုးခြင်းနဲ့ ဗိုင်းရပ်စ်ကူးစက်မှုတို့လို ရောဂါခံစားနေရပြီဆိုရင်လည်း အစားစားချင်စိတ် ပျောက်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊  ကြွက်တက်တာနဲ့ နှာခေါင်း ပိတ်တာတို့က အနံ့နဲ့ အရသာကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အစားစားချင်စိတ်ကို လျော့ကျစေနိုင်လို့ပါ။ စိတ်တိုလွယ်တဲ့ အူသိမ်အူမရောဂါ၊ သိုင်းရွိုက်အားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း (ဇင့်ဓာတ်ချို့တဲ့ခြင်း)၊ အသည်းရောင် ရောဂါ၊ HIV၊ ကျောက်ကပ်နဲ့ အသည်းရောဂါနဲ့ အချို့သော ကင်ဆာရောဂါတို့လို နာတာရှည်ရောဂါ ခံစားနေရသူတွေမှာလည်း အစားစားချင်စိတ် လျော့နည်းတတ်ပါတယ်။

ဆေးဝါးများ

ပဋိဇီဝဆေးများ၊ သွေးပေါင်ကျဆေးနဲ့ ဆီးဆေးတို့လိုဆေးတွေကလည်း ဓာတ်ရောင်ခြည်ကုထုံး၊ ဓာတုကုထုံးနဲ့  Peritoneal Dialysis တို့လို ကုသမှုတွေလိုဘဲ အစားစားချင်စိတ်ကို လျော့နည်းစေနိုင်ပါတယ်။

အသက်အရွယ်

အသက်အရွယ်ကြီးလာတာနဲ့အမျှ  ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးလာစေတာမလို့ ဟော်မုန်းလုပ်ဆောင်မှုကို လျော့နည်းစေခြင်း၊ အစာဝါးနိုင်စွမ်းကို ကျဆင်းစေခြင်းနဲ့  ပြင်းထန်တဲ့ နာတာရှည်ရောဂါများကို ဖြစ်စေနိုင်သောကြောင့် အသက်အရွယ်ကြီးလာတာကလည်း အစာစားချင်စိတ်ကို ဆုံးရှုံးစေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

ကိုယ်ဝန်

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်ကာလတွေမှာ ဟော်မုန်းအပြောင်းအလဲများစွာ ကြုံတွေ့ရပြီး အစာစားချင်စိတ် နည်းပါးလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် နံနက်ဖျားခြင်း၊ ပျို့အန်ခြင်းနဲ့ ရင်ပူခြင်းတို့က လည်း အစာစားချင်စိတ်ကို ပျောက်စေတတ်ပါတယ်။