သွားနဲ့ခံတွင်းကျန်းမာရေးဟာ မိသားစုတစ်ခုလုံးအတွက် အရေးကြီးတဲ့အရာပါ။ မိသားစုအတွင်း ကလေးရလာတဲ့အခါ ကလေးငယ်ရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးကို သေချာဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ မိဘတွေဟာ ကလေးတွေရဲ့ လက်ဦးဆရာပါပဲ။ ကလေးတွေရဲ့ ကျန်းမာရေးအတွက်လည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကလေးတွေငယ်စဉ်ကတည်းက သွားပိုးစားခြင်းနဲ့ သွားပျက်စီးခြင်းမှ ကင်းဝေးပြီး သွားနဲ့ခံတွင်း ကျန်းမာရေး အလေ့အကျင့်ကောင်းတွေ ရဖို့အတွက်ဆိုရင် မိခင်နဲ့ မိသားစုဝင်တွေကို ခံတွင်းကျန်းမာရေး အသိပညာတွေ မျှဝေပေးဖို့လိုအပ်တယ်လို့ General Dentistry ဂျာနယ် (အထွေထွေသွားဖက်ဆိုင်ရာ ဂျာနယ်) ကနေ ၂၀၁၀ ပြည့်နှစ် မေလနဲ့ ဇွန်လကထုတ်ဝေတဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။

အခုမှ ကလေးရလာတဲ့ မိဘတွေ ရင်ဆိုင်ရတဲ့ ပြဿနာတစ်ခုကတော့ သူတို့ ကလေးတွေရဲ့ ခံတွင်းကျန်းမာရေးနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးနှစ်ခုကြား ဆက်စပ်မှုရှိနေတာကို တွေးမိချင်မှ တွေးမိကြတာပါပဲ။ ကျွန်မတို့ဟာ အစားအစာတွေကို ဒီပါးစပ်၊ ဒီသွား၊ ဒီခံတွင်းနဲ့ပဲ ဝါးမျိုပေးရတာပါ။ မိဘတွေအနေနဲ့ ခံတွင်းသန့်ရှင်းရေး အကြောင်း နားလည်မှသာလျှင် ကလေးတွေရဲ့ သွားလေးတွေ ယိုယွင်းပျက်စီးခြင်းကိုကာကွယ်ပေးနိုင်မှာဖြစ်သလို တခြားနာတာရှည်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်မှာပါ။

အကောင်းဆုံးကတော့ မိသားစုတစ်ခုချင်းစီရဲ့ ခံတွင်းကျန်းမာရေး အသိပညာပေးခြင်းကို ကိုယ်ဝန်ဆောင်ချိန်ကနေ စတင်ပြီး လုပ်ရမှာဖြစ်ပြီး ကလေး ၁၂ လသားကနေ ၁၈ လသားအတွင်း ကလေးတွေရဲ့ ခံတွင်းကျန်းမာရေးကို လုပ်ဆောင်ပေးထားဖို့လိုအပ်တယ်လို့ လေ့လာမှုမှာပါဝင်ခဲ့တဲ့ စာရေးဆရာဖြစ်သူ Tegwyn Brickhouse ကပြောပါတယ်။

အများအားဖြင့် မိခင်ရဲ့ ခံတွင်းကျန်းမာရေးဟာ မွေးကင်းစကလေးငယ်ရဲ့ အနာဂတ်ခံတွင်းကျန်းမာရေးနဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးတစ်ခုလုံးအတွက် သက်ရောက်မှုရှိတယ်ဆိုတာကို မစဉ်းစားမိကြပါဘူး။ လေ့လာတွေ့ရှိမှုတစ်ချို့က လမစေ့ဘဲ ကလေးမွေးဖွားတာဟာ သွားဖုံးရောဂါနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြကြပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သွားအခေါင်းပေါက်ဖြစ်ခြင်း၊ ခံတွင်းသန့်ရှင်းရေးအားနည်းခြင်း၊ သွားဖုံးရောင်ခြင်း၊ သွားကျိုးခြင်း စတဲ့ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

ကလေးမွေးပြီးတဲ့အခါ ကလေးငယ်ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို မိသားစုဆရာဝန် (သို့) ကလေးအထူးကု သွားဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ ကလေးတွေဟာ အသက် ၁ နှစ် (သို့) ၆ လအတွင်း ပထမဆုံး သွားစပေါက်ပါတယ်။ ကိုယ့်ရဲ့ ကလေး သွားဘယ်အချိန်စပေါက်မလဲဆိုတာကို သွားဆရာဝန်တွေနဲ့ ဆွေးနွေးပြီး သွားအသစ် စတင်ထွက်လာတဲ့အခါ သွားကို ဘယ်လိုသန့်ရှင်းရေးလုပ်ပေးရမယ်ဆိုတဲ့ နည်းစနစ်တွေကို ဆွေးနွေးနိုင်ပါတယ်။

ကိုယ်စားသုံးတဲ့အစားအစာဟာလည်း ကလေးရဲ့ ခံတွင်းကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။ သကြားပါဝင်မှုများတဲ့ အစားအစာကို များများစားပေးတာဟာ သွားတွေကို ယိုယွင်းပျက်စီးစေပါတယ်။ မိခင်တွေအနေနဲ့ သကြားပါဝင်မှုများတဲ့ အချိုရည်တွေကို ရှောင်ပေးသင့်ပြီး အာဟာရပြည့်ဝတဲ့အစားအစာတွေ စားပေးသင့်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို နို့တွေ၊ အချိုရည်တွေ (သို့) ဆိုဒါတွေကို အများကြီး မတိုက်သင့်ပါဘူး။

မိဘတွေဟာ ကလေးတွေရဲ့ ခံတွင်းသန့်ရှင်းရေးအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ သွားဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကလေးတွေရဲ့ ခံတွင်းကျန်းမာရေးအတွက် ဘယ်လိုလိုက်နာဆောင်ရွက်ပေးရမယ်ဆိုတာကို တိုင်ပင်သင့်ပါတယ်။ အထွေထွေသွားဆရာဝန်တွေဟာ မိဘတွေကို ခံတွင်းကျန်းမာရေးနဲ့ပတ်သက်လို့ အကောင်းဆုံး ရှင်းလင်းပြောပြပေးနိုင်ပါတယ်။ သွားဆရာဝန် နှင့် ပုံမှန်စစ်ဆေး ကုသသည့် အပြင် မိုက်ခရိုကယ်လ်ဆီယမ် နှင့် ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် သွားတိုက်ပေးဖို့ ကလည်း အရမ်းအရေးကြီးပါတယ်နော်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ သွားနဲ့ခံတွင်းဆိုင်ရာ အသိပညာဗဟုသုတတွေကြွယ်ဝပြီး ကလေးတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်လိုက်ရအောင်။