Vaccine ကာကွယ်ဆေးတွေရဲ့ သဘောကကိုယ်ထဲမှာရောဂါပိုးဝင်လာရင် ပြန်ပြီးခုခံကာကွယ်ပေးမဲ့ဓါတ် Antibody (အင်တီဘော်ဒီ) ဆိုတာကိုကိုယ့်ကနေအလိုလိုထွက်လာစေအောင် ထိုးပေး-တိုက်ကြွေးပေးရတာမျိုးဖြစ်တယ်။

ဥပမာ BCG (ဘီစီဂျီ) ခေါ်တဲ့ TB (တီဘီ) ကာကွယ်ဆေးထိုးလိုက်ရင် (တီဘီ) ပိုးကိုခံတိုက်မဲ့ (အင်တီဘော်ဒီ) ဓါတ်တွေ ကိုယ့်ခန္ဓာကိုယ်ကနေထုတ်လာစေအာင် ဆွပေးတယ်။ တဖြည်းဖြည်းနဲ့ အဲဒီဓါတ်တွေ ကိုယ်ထဲမှာ ပြည့်နေပြီဆိုရင် ရောဂါပိုးဝင်လာရင် တခါတည်းတိုက်ဖျက်ပြစ်လို့ ရောဂါမရစေတော့ဘူး။

ဆေးနာမည်က ပြင်သစ်ဆရာဝန်တွေဖြစ်တယ်။ (BCG) ကာကွယ်ဆေးဟာ Attenuated Live Bovine Tuberculosis Bacillus ခေါ်တဲ့ နွားနို့ကနေကူးစက်နိုင်တဲ့ တီဘီပိုးအရှင်ကိုဓါတ်ခွဲခန်းမှာအားနည်းသွားအောင် တမင်တကာလုပ်ပေးထားတာ ဖြစ်တယ်။ (တီဘီ) ပိုးသတ္တိလေးကျန်တယ်ဆိုယုံသာကျန်နေစေရတယ်။ ရောဂါပိုးသဘောရှိနေတာမို့ ကိုယ်ထဲကနေ (အင်တီ) လုပ်တဲ့ ဆန့်ကျင်မဲ့ဓါတ်ကိုထုတ်မှာဘဲ။ ရောဂါအထိတော့ မရစေဘူး။

တီဘီကာကွယ်ဆေးကိုမွေးကာစကလေးတိုင်း (မြန်မာပြည်မှာ) တကြိမ်သာထိုးတယ်။ မထိုးရတဲ့ကလေးကို ကြီးမှတော့ ထိုးစရာမလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာတီဘီရောဂါကပေါလွန်းလို့ နေရာတကာမှာရောဂါသည်တွေရော လေထဲမှာရောဂါပိုးတွေရောဟာ မြင်သာမမြင်ရတယ် ရှိနေတော့ ကလေးကိုဟိုဟိုသည်သည် ခေါ်သွားတာနဲ့ ပိုးတွေနဲ့တွေ့မှာသေချာတယ်။

ကိုယ့်အိပ်ထဲမှာတင်လဲပိုးရှိချင်ရှိနေအုံးမယ်။ ပိုးတွေကကလေးရဲ့ နှာခေါင်းကနေဝင်လာရင် ကလေးရဲ့ ခုခံစွမ်းအားကနေခံနိုင်ဘို့ကြိုးစားမယ်။ ပိုးကိုကိုယ့်ခုခံနိုင်စွမ်းကနိုင်ရင် ရောဂါလဲမရ၊ (ကိုယ်ထဲမှာအင်တီဘော်ဒီရှိနေတဲ့) ရောဂါပြီးတဲ့ကလေးလဲဖြစ်မယ်။ ပိုးကနိုင်ရင်တော့ ဒီကလေးတီဘီ ဖြစ်မယ်။

တတိယနိုင်ငံတွေလို့အခေါ်ခံရတဲ့ မချမ်းသာသေးတဲ့နိုင်ငံတွေမှာရောဂါဖြစ်နှုန်းရောရောဂါကြောင့်သေနှုန်းပါမြင့်နေတဲ့ တီဘီရောဂါဟာ Mycobacterium Tuberculosis ခေါ်တဲ့ ပိုးကနေကူးစက်တာဖြစ်တယ်။ ဆင်းရဲမွဲတေမှုနဲ့ တီဘီဆက်စပ်နေတယ်။ ဒါကြောင့် တရားမျှတခြင်းနဲ့ လူ့အခွင့်အရေးရှုဒေါင့်ကနေထောက်ပြနေကြပြီ။

တီဘီများတဲ့ နေရာတွေမှာ HIV/AIDS ကလဲများနေလို့ နူရာဝဲစွဲဆိုတာထက်ဆိုးသေးတယ်။ ထပ်ဆောင်းဆိုးသေးပြန်တာက Drug resistance ဆေးယဉ်တာတွေပါ ဖြစ်နေတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာတောင် တစခန်းထလာတယ်။
Bacille Calmette-Guérin (BCG) Vaccine ကာကွယ်ဆေးပေါ်ခဲ့တာ နှစ်ပေါင်း ၈ဝ ရှိပါပြီ။

ဒီကာကွယ်ဆေးထိုးလို့ ကလေးတွေမှာ Disseminated TB အဆုပ်တခုလုံးပြန့်နေတဲ့တီဘီသာမကာ Meningitis တီဘီဦးနှောက်မြှေးရောင်တာပါ သက်သာလာတာတွေ့ရတယ်။ ဒါပေမဲ့ တိတိကျကျပြောရရင် Primary Infection တီဘီမူလဖြစ်တာကိုမကာကွယ်နိုင်ပါ။ နောက်ပြီးလူအုပ်ထဲကနေကူးလာတဲ့ Reactivation of Latent Pulmonary Infection အမျိုးအစားကိုလဲမကာကွယ်နိုင်ပါ။

ကလေးအသက် ဘယ်တော့မှာထိုးမလဲဆိုတာတိုင်းပြည်တွေကမတူကြဘူး။ WHO BCG policy ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အလိုအရတီဘီရောဂါထူပြောရာနိုင်ငံတိုင်းမှာမွေးစကလေးတိုင်းကိုထိုးပါတယ်။ ကလေးငယ်မဟုတ်သူတွေကိုထိုးမပေးခင် Tuberculin Skin Test လုပ်ပြီးမှ ထိုးသင့်တဲ့သူတွေကိုထိုးပေးတယ်။ ကာကွယ်ဆေးထိုးထာသူကိုတီဘီစမ်းသပ်နည်းတခုဖြစ်တဲ့ Mantoux Test လုပ်ရင် False Positive မှားတဲ့အပေါင်း ပြမယ်။

တလောကအမေရိကန်ဆေးကျောင်းသူတွေ ယမုန်နာဆေးခန်းကိုလာတော့ ကလေးအမေဆေးကျောင်းသူတယောက်လဲပါတယ်။ မြန်မာဒုက္ခသည်ဆေးခန်းလေးမှာထိုးပေးနေတဲ့ ကာကွယ်ဆေးနာမည်တွေကိုပြောပြတော့ BCG ဆိုတာကိုမသိဘူး။ အမေရိကားမှာ BCG ကိုအစုလိုက်ထိုးပေးတာမျိုးတခါမှမလုပ်ပါ။ TB အကြောင်းကိုတောင် ဆေးကျောင်းမှာသိပ်မသင်တော့ဘူး။

(ယူကေ) မှာ ၁၉၅၃ ကနေ ၂ဝဝ၅ အထိတော့ ၁၃ နှစ် ကလေးတွေနဲ့ တီဘီကူးဘို့ အလားအလာရှိတဲ့ မိသားစုကမွေးလာတဲ့ကလေးတွေကိုသာထိုးစေတယ်။

ဘီစီဂျီကာကွယ်ဆေးကိုတခြားနေရာတွေမှာလဲသုံးတာရှိသေးတယ်။ (လက်ပရိုစီ) အနာကြီးရောဂါ Buruli Ulcer (ဘာရော်လီ) အနာ၊ Cancer Vaccine ကင်ဆာကာကွယ်ဆေး၊ (ဥပမာဆီးအိမ်ကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ၊ အဆုပ်ကင်ဆာ၊ မှဲ့ကင်ဆာ)၊ဆီးချို အမျိုးအစား (၁)၊ Interstitial Cystitis ရောဂါ၊ Multiple Sclerosis ရောဂါ နဲ့ Parkinson’s Disease ရောဂါတွေအတွက် စမ်းသုံးတယ်။

ဒီကာကွယ်ဆေးထိုးရင် ဘာတွေဖြစ်လာနိုင်သလဲ။ ဆေးထိုးတဲ့နေရာမှာနာမယ်။ ဒီကာကွယ်ဆေးထိုးနည်းကထူးခြားတယ်။ အရေပြားထဲဆေးဝင်အောင်ထိုးရတယ်။ အရေပြားအောက် ဆေးရောက်သွားရင် BCG-Oma အကျိတ်-အနာဖြစ်လာမယ်။ ဒီလိုဖြစ်လို့ ဆေးထိုးပေးတဲ့ဆရာမကိုအပြစ်မမြင်ပါနဲ့ ဆေးရဲ့သဘောကိုက ဖြစ်စေနိုင်သေးတယ်။

အမာရွတ်ကျန်နေရစ်မယ်။ အမာရွတ်က Keloids ဆိုးတာမျိုးလဲ ဖြစ်တတ်တယ်။ BCG Osteomyelitis or Osteitis ဆိုတာမျိုးလဲနောက်ဆက်တွဲရှားရှားပါးပါး ဖြစ်တတ်တယ်။ အဆီထဲဆေးဝင်သွားရင် သက်ဆိုင်ရာတက်စေ့တွေဆီရောက်မယ်။ အနာဖြစ်လာရင် အနာဆေးကုသလိုလုပ်ပေးဘို့လိုမယ်။ အဲလိုဖြစ်လာရင် Antibiotics ပိုးသေဆေးလိုတတ်တယ်။ ပြည်ဖေါက်တာလဲလိုနိုင်တယ်။

ဆေးထိုးတဲ့ ဘယ်ဘက်ပခုံးမှာအနာလိုဖြစ်လာတာဟာကွက်ကွက်ကလေးတီဘီရောဂါရသလိုသဘောဖြစ်တာပါ။ ဒါကြောင့် ကလေးကကာကွယ်ဆေးထိုးပြီးကိုယ်နဲနဲပူနိုင်တယ်။ (ပါရာစီတမော) အရည်ကိုကိုယ်အလေးချိန်နဲ့တွက်ပြီးတခါနှစ်ခါ တိုက်တာနဲ့ ရတယ်။

Paracetamol ကို ၃ လအောက်ကလေးဆိုရင် 10mg/kg နဲ့ အသားဝါနေရင် 5mg/kg ပေးရတယ်။ အမာရွတ် ကျန်နေတာဟာဆေးအောင်တယ်လို့ ပြောနိုင်တယ်။ ကလေးဟာရောဂါပြီးနေပြီ။

Deltoid ကြွက်သား (ဘယ်ဘက်လက်မောင်းအိုး) နေရာမှာသာထိုးတယ်။ သမီးလေးအတွက် လှချင်ပချင်လွန်းရင် တင်ပါးမှာအတွင်းခံဖုံးလောက်မဲ့နေရာမှာထိုးနိုင်ပါတယ်။ ဆရာဝန်-ဆရာမတွေကလဲပါရမီဖြည့်ချင်ကြမှာပါ။
BCG Vaccine ဆေးဘယ်လောက်ထိုးမလဲ။ ဘယ်လိုထိုးမလဲ။

Injection Technique ဆေးထိုးနည်း

မွေးကာစကလေးကို 0.05 ml ထိုးရတယ်။ တနှစ်ကျော်ကလေးကို 0.10 ml ထိုးတယ်။ Insulin Syringe ဆီးချိုဆေး (အင်စူလင်) ထိုးတဲ့ပိုက်နဲ့သုံးရင် အမှတ်အသား ၄ဝ အထိပါတာကြည့်ပါ။ အစိတ်ကလေး ၂ စိတ်ဆိုရင် 0.05 ml ရှိတယ်။ 1 ml Syringe ဆိုရင် 0.05 ml ကလေး ၂ဝ စာဖြစ်လို့ ၂ဝ ပုံ ၁ ပုံတိတိကျကျ ဆေးစုပ်ပါ။

လက်တွေ့မှာသတိထားဘို့ကထိုးဆေးတွေကိုဆေးထိုးပိုက်ထဲစုပ်ပြီးလူနာကိုမထိုးခင် အပ်ထဲမှာကျန်နေနိုင်တဲ့လေကိုပန်းထုတ်ပြစ်လေ့ရှိကြတော့ ဒီကာကွယ်ဆေးကိုလဲအဲလိုလုပ်ရင် ကလေးကိုယ်ထဲ (အရေပြားထဲ) နည်းမသွားစေအောင် သတိထားရမယ်။

ဘယ်ဘက်လက်မောင်အိုးမှာထိုးတယ်။ ထိုးမဲ့နေရာကိုပိုးသတ်ဆေးသုတ်စရာမလိုပါ။ အရေပြားကိုလက်မနဲ့ လက်ညှိုးသုံးပြီးဆွဲတင်းလိုက်ပါ။ ဆေးတယောက်စာအတွက် စုပ်ထားပြီးသားဆေးထိုးပိုက်နဲ့ အပ်ကိုကလေးအရေပြားနဲ့ မျဉ်းပြိုင်ထားပါ။
အပ်မျက်နှာပြင်ကိုအထက်မှာရှိပါစေ။

အပ်ကို ၂ မီလီမီတာအထိအရေပြားထဲသွင်းပါ။ ဆေးကိုဖြေးဖြေးချင်းထိုးသွင်းပါ။ ခုခံအားရှိနေတာသိမယ်။ ဆေးဝင်တဲ့နေရာမှာခပ်ဖွေးဖွေးအဝိုင်းကွက်လေးပေါ်လာမယ်။

ဆေးသွင်းရတာသိပ်လွယ်နေတာဆိုရင် အပ်အဖျားကအောက်ထဲရောက်နေလို့။ အပ်ကိုနည်းနည်းပြန်ထုတ်ပြီးထိုးပါ။ ဆေးကုန်ပြီဆိုရင် ၁ဝ-၁၅ မိနစ်နေရင် ဖေါင်းနေတာလေးပျောက်သွားမယ်။ ဖေါင်းနေတာမမြင်ရလဲဆေးထပ်မထိုးပါနဲ့။ ကာကွယ်ဆေးထိုးမှတ်တမ်းရေးမှတ်ပါ။

မြန်မာဆေးကျောင်းသားများတီဘီသင်ရတာသက်သာကြပါစေ။ မြန်မာကလေးများတီဘီဘေးကဝေးကြပါစေ။