ပန်းနာကို ရောဂါရာဇဝင်နဲ့ ကြပ်နေချိန်မှာ အသက်ရှူသံကိုနားထောင်တာနဲ့ သိတယ်။ ဓါန်မှန်၊ သွေး၊ သလိပ်စစ်ရင် အားလုံးကောင်းနေမယ်။ တယောက်နဲ့တယောက် မတူပါ။ ကိုယ်နဲ့မတည့်တာကိုရှောင်ပါ။

သူများတွေနဲ့မတည့်ပေမယ့် ကိုယ်နဲ့ အဆင်ပြေတာလည်းရှိမယ်။ ရာသီဥတု၊ အစားအသောက်၊ အနံ့အသက်၊ အသုံးအဆောင်၊ တခုခုနဲ့ မတည့်တာ ရှိမယ်။ တခါတလေ ၂ မျိုးတွဲလို့မတည့်တာရှိတယ်။

လူဦးရေ ၅% မှာ ပန်းနာရှိတယ်။ ၁၄ နှစ်အောက် ယောက်ျားလေးတွေမှာ ပိုအဖြစ်များတယ်။ မျိုးရိုးလိုက်တာသိသာတယ်။ လေ့ကျင့်ခန်းလုပ်လို့ ဖြစ်လာတတ်တယ်။ မြို့သားတွေမှာ ၂၅ %အဖြစ်များတယ်။ ပန်းနာမှန်ရင် မကူးစက်ပါ။ မျိုးရိုးအရ ဖြစ်နိုင်တယ်။ ကလေးတွေမှာ ပိုများလာတယ်။

တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်လွန်းလို့ ဖြစ်တာလဲရှိသတဲ့။ သိပ်သန့်ချင်နေရင် လျှော့ပေါ့။ အလုပ်အမျိုးအစားနဲ့လဲ ဆိုင်နိုင်တာမို့ လက်ရှိ အလုပ်မျိုးကနေ ပြောင်းသင့်ရင် ပြောင်းပါ။ ချည်-သိုးမွှေး-သားမွှေး၊ အဝတ်အထည်၊ ဓါတုပစ္စည်း၊ အမှုံ့လုပ်ငန်း၊ အနံ့အသက်များတဲ့ လုပ်ငန်း စတာတွေပါ။

စိတ်ဖိအားများခြင်းနဲ့လဲ ဆိုင်တဲ့လူတွေမှာ ဆိုင်ပါသေးတယ်။ ငယ်ရွယ်တုံးက ပဋိဇီဝဆေး ပေးရတာတို့၊ ဗိုင်းရပ်ပိုး အဝင်ခံဘူးတာတို့ကိုလည်း ထည့်စဉ်းစားရတယ်။ ဒါ့ကြောင့် ကလေးတွေကို ဆေးကုရင် ပိုပြီး သတိရှိရပါလိမ့်မယ်။

အများဆုံးဖြစ်တာက Bronchial asthma အသက်ရှူတာနဲ့ဆိုင်ပြီး နောက်တမျိုးက နှလုံးရောဂါကနေ ဆက်ဖြစ်တာ Cardiac asthma ပါ။ မသိရင် ရင်ကြပ်လို့ဆိုတိုင်း ရမ်းကုရင် ဒုက္ခပိုရောက်စေတယ်။ အသက်ရှူလမ်းကို ကျယ်အောင် လုပ်တဲ့ဆေးက နှလုံးမကောင်းသူတွေအတွက် ရေနစ်သူ ဝါးကူထိုး ဖြစ်စေပါတယ်။

အတွေ့အကြုံကနေသင်ပေးလို့ ပန်းနာလူနာကို မြင်တာနဲ့သိနိုင်တယ်။ အမှန်က ကြားတာနဲ့သိတာပါ။ သူ့အသက်ရှူသံက လေချွန်သလို အသံပါနေတယ်။ အပွေးမြင်၊ အပင်သိ။ ရွှီရွှီသံကြားရင် ပန်းနာလို့သိ။

ဖြစ်နိုင်ရင် အကြောင်းကိုရှာပါ။ ဆေးကြောင့်လား၊ ဥပမာ (အက်စ်ပရင်)။ ပတ်ဝန်းကျင်ကြောင့် ဖြစ်တာဆိုရင် အဲဒါတွေကို ကိုယ်နဲ့ ယဉ်ပါးအောင်လုပ်နည်း Desensitization ကို သုံးနိုင်ပါတယ်။ ကျန်တာတွေကတော့ သက်သာစေမဲ့ ဆေးနည်းတွေ ဖြစ်တယ်။ တိတိကျကျပြောရရင် သုံးမျိုး။ သက်သာဆေး၊ ကာကွယ်ဆေးနဲ့ အရေးပေါ်ဆေး။

ပန်းနာရင်ကျပ်ရောဂါကို မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ကုသမယ်

လေပြွန်ကျယ်ဆေးတွေကို ရေတိုအတွက် ပန်းနာသည်တိုင်း သုံးနိုင်ပါတယ်။ ခဏခဏ ကြပ်နေသူများကို စတီရွိုက်ရှူဆေး သိပ်မများအောင်ပေးရမယ်။ အရင်က Theophylline (Aminophylline) ကို ပါးစပ်က သောက်ခိုင်းပါတယ်။ နေ့တိုင်း ဆက်ဖြစ်သူများကိုတော့ စတီရွိုက်ရှူဆေး နဲ့ β-2 agonist ရှူဆေးတွဲပေးရမယ်။

ဒီထဲကမှ သိပ်ဆိုးနေရင် စတီရွိုက် သောက်ဆေးပါ တွဲလိုက်ရင် သက်သာမှာပါ။ ရေတိုအတွက် Salbutamol, Levalbuterol, Terbutaline, Bitolterol ခေါ်တဲ့ ဆေးတွေ ရှိသေးတယ်။ ဒီဆေးတွေက ပါးစပ်ကပေးရင် ခြေတုံ-လက်တုံ-ရင်တုံ ဖြစ်တတ်တယ်။

Epinephrine, Ephedrine စားဆေး၊ ထိုးဆေးက သမားရိုးကျ ထိရောက်တဲ့ဆေးတွေပါ။ သုံးနေကြဆဲပါ။ ပိုစိတ်ချချင်ရင် Ipratropium bromide ကိုပေးပါတယ်။ နှလုံးရောဂါရှိရင်တောင်မှ ပေးနိုင်တယ်။ နဲနဲတော့ကြာမယ်။

မကြပ်အောင်နဲ့ ကြပ်ရင်လဲ သက်သာအောင်ပေးတဲ့ (စတီရွိုက်) ဆေးတွေကို ကြာကြာသုံးသူများ သတိထားဘို့က အဆီစုတတ်လို့ ဝမယ်။ အစားသိပ်စားချင်လို့လည်း ဝမယ်။ အရိုးပွတတ်တယ်။ အသံသြတာတို့၊ မှက်ခရုဖြစ်တာတို့လဲ ဖြစ်တတ်တယ်။ အလာဂျီအတွက် Burmeton, Citrizine တို့လိုဆေးမျိုးပါ တွဲပေးရတတ်ပါသေးတယ်။

ခုနောက်ဆုံး အသုံးများတဲ့ဆေးတွဲတွေကတော့ စတီရွိုက်ရှူဆေးနဲ့ တာရှည်ခံလေပြွန်ကျယ်ဆေးတွေဖြစ်ပါတယ်။ Advair Seretide, Budesonide, Formoterol, Symbicort တို့လည်းပါတယ်။ အရေးပေါ်ဖြစ်ရင် အောက်စီဂျင်ပေးဘို့လိုရင်လိုမယ်။

Salbutamol or Terbutaline တို့ကို Ipratropium နဲ့တွဲပြီး၊ အငွေ့အဖြစ် ရှူခိုင်းမယ်။

ပါးစပ်ကနေ စတီရွိုက်ပေးတယ်။ Ketamine ဆိုတဲ့ မေ့ဆေးလည်း ပေးနိုင်တယ်။ ဆားခါးကိုလည်း သွေးပြန်ကြောထဲ ထိုးပေးနိုင်တယ်။ အသက်ရှူစက်နဲ့ ကူပေးတာမျိုး သုံးပါတယ်။

ဖြစ်နေမှတော့ စိတ်မပျက်နဲ့။ ကြပ်လာပြီဆိုရင် အကြာကြီး စောင့်မနေပါနဲ့။ မြန်မြန် ဆေးကုလိုက်ပါ။ သန်းကောင်မှာ ထဖြစ်တတ်တယ်။ ပန်းနာ သေခြာသူ၊ နှလုံးရောဂါ မရှိသူ၊ ဆန်းဆန်း ပြားပြားတွေလည်း လက်လှမ်း မမီသူများအတွက် ဆေးထိုးပိုက် ၂ စီစီ တချောင်းနဲ့ (အဖီဒရင်း) ထိုးဆေး တလုံးဆောင်ထားရင် အရေးပေါ်အတွက် အလွယ်ဆုံးပါ။

လက်ဖျံအရေပြား အောက်မှာ ၁ စီစီသာပါတဲ့ ထိုးဆေးကို တဝက်လောက် ထိုးပေးလိုက်ရင် ၁ဝ မိနစ်ထက် မကြာပါ။ လိုမှ ကျန်တဲ့တဝက်ထိုးပါ။ ရင်တုံတာလေးတော့ သီးခံပေါ့။

၁။ ပန်းနာထသူတွေအတွက် အရေးပေါ် သိထား-ဆောင်ထားစရာတွေ

  • Beta-adrrenergic agonists ဆေး၊ Albuterol sulfate 1.25-1.5 mg. Metaproteranol 10-15 mg. Isoetharine 2.5-5 mg, Bitolterol mesylate 0.5-1.5 mg တခုခုကို Nebulizer ရှူဆေးအဖြစ် သုံးတယ်။
  • Terbutaline sulfate 0.25-0.5 mg S/C, Epinephrine 1:10000 (0.1-0.3 ml) S/C အရေပြားအောက်မှာ ထိုးပေးတယ်။ (ဒီဆေးကို ကိုယ်ဝန် ပဌမ ၃ လရှိသူ၊ နှလုံးရောဂါရှိသူတွေကို မပေးပါ။)
  • Steroid စတီရွိုက်ဆေး၊ (Prednisone 60-180 mg/day) ပေးပြီး၊ နောက် လျှော့လျှော့ ပေးသွားရမယ်။
  • Anticholinergics ဆေးကိုလဲတွဲပေးနိုင်တယ်။ အရင်က Atropine ကိုသုံးတယ်။ နောက်ပိုင်း Ipratropium bromide ဆေးသုံးလာတယ်။ Ipratropium (500 mg = 2.5 ml) ဆေးကို Nebulizer ဆေးကို တမျိုးထဲဖြစ်ဖြစ်၊ Albuterol နဲ့ရောပြီးဖြစ်ဖြစ် ပေးနိုင်တယ်။
  • Antibiotics ပဋိဇီဝဆေး (Septrin, Doxycycline, Tetracycline, Cipro) ဆေးတမျိုးမျိုးကို အသက်ရှူလမ်း ပိုးဝင်နေရင်ပေးရမယ်။
  • အောက်စီဂျင်၊

၂။ တခြားဆေးတွေလဲ သုံးပါသေးတယ်။ (Cromolyn and Nedocromil (Cromolyn, Nedocromil); Leukotriene Receptor Antagonists (Montelukast, Zafirlukast); 5-Lipoxygenase inhibitor (Zileuton); Methylxanthines (Theophylline); Immunomodulators (Omalizumab)

၃။ ရေတိုပန်းနာသက်သောဆေးတွေလဲ ရှိတယ်။ (Inhaled Short-Acting Beta-adrrenergic agonists (Albuterol CFC, Albuterol HFA, Pirbuterol CFC, Levalbuterol HFA); Nebulizer solution (Albuterol, Levalbuterol, R-albuterol); Anticholinergics (Ipratropium, Ipratropium with albuterol); Corticosteroids (Prednisolone, Prednisone)

Metered-dose inhalers (MDI) ဆိုတာ ခေတ်မီ ပန်းနာသည်များရဲ့ လက်ကိုင်အိပ်ထဲ အမြဲထားရမဲ့ အဆောင်ပစ္စည်း တခုပါ။ ဒီဆေးက အမြန်ထိရောက်တဲ့ ရှူဆေးပေါ့။ ဒါနဲ့ အဆင်မပြေတဲ့ လူအိုတွေ၊ ပြောတဲ့အတိုင်း မလုပ်ချင်တဲ့လူနာတွေ အတွက်ကတော့ Asthma spacer ဆိုတာကို သုံးစေပါတယ်။ Nebulizer ဆိုတဲ့ အငွေ့ရှူတာမျိုးလည်း သုံးနိုင်ပါတယ်။

Panic room ဇာတ်ကားထဲမှာ ဂျိုဒီဖေါ့စတာရဲ့သမီးဟာ ပန်းနာသည်လေးအဖြစ်သရုပ်ဆောင်ရတယ်။ တကယ့်ဘဝ ပန်းနာသည် မင်းသမီးကတော့ နာမည်ကြီး (လင်းဆေးလိုဟန်)။ မင်းသမီးက အရေးပေါ်ဆေးရုံတောင်တက်ယူရတာ၊ ဆေးရုံဆင်းတော့ အလေးချိန် ၁၅ ပေါင် ကြီးများတောင် ကျသွားတာကို မြင်တဲ့လူတွေက၊ မင်း သိပ်ဟုတ်သွားပါလားလို့ ချီးမွမ်းကြတယ်။

ဒီတော့ ပန်းနာသည် မင်းသမီးက သူတို့ပြောပုံကဖြင့် အရင်က ကျမအတော်မလှဘူးလို့ ပြောနေတဲ့အတိုင်းပဲတဲ့။

ပန်းနာကင်းရှင်း၊ ချမ်းသာခြင်းနဲ့ ပြည့်စုံကြစေသောဝ်။