အညောင်းအထိုင်အားကြီးသူများ၊ ဝမ်းချုပ်လေ့ရှိသူများ၊ အပူအစပ်အစားများသူများ၊ အရက်နှင့်ချုပ်စာတွေကို အစားများသူများ၊ ဝမ်းကိုက်ရောဂါ ရက်ရှည်စွဲကပ်သူများ၊ အသည်းရောဂါရှိသူတွေမှာ လိပ်ခေါင်းရောဂါအဖြစ်များတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း ခေတ္တဖြစ်နိုင်ပြီး မီးဖွားပြီးချိန်မှာ အလိုလိုပြန်ပျောက်သွားတတ်ကြပါတယ်။

ဝမ်းသွားသည့်အခါ အပြင်ကိုထွက်လာသည့်လိပ်ခေါင်းကို “အပြင်လိပ်ခေါင်း” ဟုခေါ်၍ အပြင်ကိုမထွက်ဘဲ ဝမ်းသွားခက်ရုံ၊ အားစိုက်ပြီး ဝမ်းသွားရရုံ၊ စအိုဝတွင်တစ်ဆို့ဆို့ဖြစ်နေရုံမျှသာဆိုလျှင်တော့ “အတွင်းလိပ်ခေါင်း” ဟု သတ်မှတ်ကြပါတယ်။ ထိုလိပ်ခေါင်းနှစ်မျိုးစလုံးမှာ ဝမ်းချုပ်သည့်အခါ၊ ဝမ်းတအားညှစ်မိသည့်အခါ စသောအခြေအနေများမှာ သွေးစသွေးနလေးတွေ ဝမ်းနှင့်အတူကပ်ပါလာခြင်း၊ တခါတရံ သွေးချည်းသက်သက် ပန်းထွက်လာခြင်းတွေဖြစ်နိုင်ပါတယ်။

လိပ်ခေါင်းရှိနေလျှင် ခြေသလုံးကြော၊ ခါးဆစ်ကြောတို့ တောင့်တင်းခြင်း၊ ကိုက်ခဲခြင်း၊ ဇက်ကြောနောက်ကြောတက်ခြင်း၊ ခေါင်းအုံခြင်း၊ မကြာမကြာရင်ပူခြင်း၊ ခဏခဏဆာတတ်ခြင်း၊ မိုးအုံ့မိုးအေးသည့်အခါ ပိုကိုက်ခြင်း၊ ဝမ်းသွားပြီးသော်လည်း မဝသေးဘဲ ထပ်၍သွားလိုခြင်း စတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သည့်အပြင် ဆင့်ပွားရောဂါများအနေဖြင့် ယားယံခြင်း၊ သွေးညစ်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ အင်ပျဉ်ထခြင်း၊ အသားအရောင်ညိုညစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းအုံခြင်း၊ ရင်ပူခြင်း၊ မူးဝေခြင်း စသည်တို့ကိုပါ ခံစားလာရနိုင်ပါတယ်။

လိပ်ခေါင်းဖြစ်နေပြီဆိုလျှင် အပူအစပ်များ၊ မဆလာ၊ ငရုတ်ကောင်းများ၊ ဝမ်းချုပ်စေတတ်သောကောက်ညှင်း၊ အကြွပ်ကြော် စတာတွေကိုပါ ရှောင်ရှားသင့်ပါတယ်။ အရည်သောက်ဟင်းများ၊ ဟင်းသီးဟင်းရွက်များ၊ ဝမ်းနူးလွယ်သောအစားအစာများကို စားသောက်ပေးရမှာဖြစ်ပြီး နံနက်အိပ်ရာထချိန်တွင် ရေ၀၀သောက်ပေးရပါမယ်။ ထို့အပြင် နံနက်စောစောနှင့် ထမင်းစားပြီးအချိန်တွေမှာ လမ်းလျှောက်ပေးသင့်ပါတယ်။