ကွမ်းရွက်ရဲ့ဆေးဖက်ဝင်ပုံအကြောင်းကိုတော့ စာဖတ်သူတို့လည်း တော်တော်များများသိပြီးလောက်ပြီထင်ပါတယ်။ ကွမ်းရွက်နဲ့ ဆေးအမျိုးမျိုး ဖော်စပ်အသုံးပြုကြရာမှာ ဒီနေ့မှာတော့ ကွမ်းရွက်ရဲ့ ဆေးဖက်ဝင်ပုံလေးကို နည်းနည်းလေး မျှဝေပေးချင်ပါတယ်။
အစာမကြေခြင်းနဲ့ ခံတွင်းနံ့ဆိုးခြင်း
ကွမ်းရွက်ကို ထမင်းစားပြီး ဝါးပေးမယ်ဆိုရင် ခံတွင်းနံ့ နံတာကိုသက်သာစေပြီး အစာမကြေတာကို သက်သာစေပါတယ်။ ကွမ်းရွက်ပြုတ်ရည်ကိုသောက်ပေးမယ်ဆိုရင်တော့ ခံတွင်းရောဂါအမျိုးမျိုး ကိုသက်သာစေပြီး၊ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။ (ကွမ်းကိုရိုးရိုးဝါးပေးရမှာပါ။ တခြား ဆေးတွေမထည့်ရပါဘူး။)
လည်ပင်းနာခြင်း
ကွမ်းရွက်ကို ကြိတ်ပြီး အရည်ညှစ်လိုက်ပါ။ ရလာတဲ့ အရည်အနည်းငယ်ကို ရေနွေးနဲ့ ရောပြီး ပလုတ်ကျင်းလိုက်ပါ။ ဒါဆိုရင်လည်ပင်းနာတာကို သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။
ဆီးမှန်စေခြင်း
ကွမ်းရွက်ကို ရေနဲ့ ပြုတ်ပြီး ရလာတဲ့အရည်ကိုသောက်ပေးမယ်ဆိုရင် ဆီးမှန်စေမှာဖြစ်ပါတယ်။
အဆစ်နာခြင်း
အဆစ်ရောင်တာ အဆစ်နာတွေအတွက် အဲဒီလိုနာနေတဲ့နေရာမှာ ကွမ်းရွက်ကို ကပ်ပေးပါ။ဒါဆိုရင် သက်သာပျောက်ကင်းစေပါတယ်။
အစာအိမ်နာခြင်းနဲ့ လေပွခြင်း
အစာအိမ်နာတဲ့သူတွေအနေနဲ့ ကွမ်းရွက်ပေါ်မှာ ကြက်ဆူဆီ (သို့) အုန်းဆီကို သုတ်လိမ်းပေးပြီး အပူပေးပါ။ နွေးရုံပဲအပူပေးရမှာဖြစ်ပါတယ်။ ပြီးရင် ဝမ်းဗိုက်မှာကပ်ထားပေးပါ။ ဒါဆိုရင် အစာအိမ်နာတာကို သက်သာပျောက်ကင်းစေပါတယ်။ ကလေးငယ်တွေကိုလည်း လုပ်ပေးလို့ရပါတယ်။
အအေးမိဖျားနာခြင်း
အအေးမိဖျားနာတာတွေအတွက် ကွမ်းရွက်ပြုတ်ရည်ပူပူကိုသောက်ပေးမယ်ဆိုရင် အဖျားသက်သာစေပါတယ်။
အနာကျက်စေခြင်း
ကွမ်းရွက်ပြုတ်ရည်နည်းနည်းကိုယူပြီး ထိမိရှမိတဲ့နေရာတွေမှာ လိမ်းပေးပါ။ ဒါမှမဟုတ် ကွမ်းရွက်ကိုကြိတ်ပြီး ရလာတဲ့အဖတ်ကို အနာပေါ်လိမ်းပေးပါ။ အနာအကျက်မြန်စေပါတယ်။
အဆုတ်ကျန်းမာရေး
ကွမ်းရွက်ပေါ်မှာ မုန်ညှင်းဆီသုတ်လိမ်းပေးပြီး အရွက်ကို ပူနွေးအောင်ကင်ပါ။ အေးအောင်ထားပြီးရင် ရင်ဘတ်ပေါ်ကပ်ပေးပါ။ ချောင်းဆိုတာနဲ့ တခြားအဆုတ်နဲ့ဆိုင်တဲ့ အသက်ရှုမဝတဲ့ဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
အကိုက်အခဲပျောက်စေခြင်း
ကွမ်းရွက်ကို ခေါင်းကိုက်နေရင်ပဲဖြစ်ဖြစ် ကိုယ်လက်ကိုက်ခဲနေရင်ပဲဖြစ်ဖြစ် ကိုက်တဲ့နေရာမှာ အုပ်ပေးပါ။
သတိပြုရန်
ကွမ်းရွက်ကို အစာအိမ်ချဉ်ပေါက်တတ်သူတွေ၊ အစာအိမ်နာတတ်သူတွေ ၊ အင်ပျဉ်ရှိသူတွေ ၊မကြာခဏ ခေါင်းတခြမ်းကိုက်သူတွေ၊ တီဘီရှိတဲ့သူတွေ၊ ဝက်ရူးပြန်တဲ့သူတွေ တခြားစိတ်ရောဂါရှိသူတွေ မစားသင့်ပါဘူး။
အရွက်နုနုကိုသာ ဆေးဖြစ်ဝါးဖြစ်သုံးပါ။ အရွက်ရင့်တွေမှာ ဆေးအာနိသင်တွေ ပျက်ပြယ်သွားလိုပါ။