ငယ်စဉ်က ရုပ်ပိုင်းဆိုင်ရာ အပြုအမူတွေကိုသာ သင်ကြားပေးကြပေမယ့် စိတ်ပိုင်းဆိုင်ရာ သန်မာဖို့အတွက် ဘယ်လို နေထိုင်၊ တည်ဆောက်ရမလဲ ဆိုတာကိုတော့ မသင်ပေးဖြစ်ခဲ့ကြတာများပါတယ်။

တချို့ သားသမီးကို အရမ်းအားပေးတဲ့မိသားစုမျိုးမှာ မွေးဖွားလာကြသူတွေဟာ အများအားဖြင့် ကိုယ့်ကိုကိုယုံကြည်မှု ရှိတတ်ကြပါတယ်။

တခါတလေ အဆင်မပြေမှုတွေများပြီး၊ လောကဓံဆိုးတွေကြောင့်လည်း ကိုယ့်ကိုကိုယုံကြည်မှုအားနည်းသွားသူတွေလည်းရှိပါတယ်။

ဒါ့ကြောင့် အချိန်မီသိပြီး ပြင်နိုင်ဖို့ ယုံကြည်မှုအားနည်းတာကို သိနိုင်တဲ့အချက်များကိုဝေမျှချင်ပါတယ်။

အရှုံးကို ကြောက်ခြင်း

ငယ်စဉ်တုန်းက အရှုံးမကြောက်ခဲ့သလောက် အသက်ကြီးလာတဲ့အခါမှာ ဆုံးရှုံးမှာကို စိုးရိမ်လာပါတယ်။

အမှားတွေက မကောင်းတဲ့အရာမဟုတ်ပါဘူး။ အမှားကနေ လေ့လာသင်ယူလို့ရပါတယ်။ အသက်ဆိုတာလည်း ဂဏန်းတစ်ခုပါဘဲ။ အမြဲတမ်း လူငယ်တစ်ယောက်လို စိတ်မှာ တက်ကြွနေပါ။ ကိုယ့်ကိုကိုအထင်သေးတာလောက် ဆိုးရွားတာမရှိတော့ပါဘူး။

မတည်ငြိမ်

စိတ်မတည်ငြိမ်ဖြစ်တာ၊ စိတ်ဓာတ်ကျတာတွေက ကိုယ့်ကိုကို ယုံကြည်မှုကင်းမဲ့နေလို့ပါ။

ဒါ့ကြောင့် ပထမဆုံး ကိုယ့်ရဲ့ရည်မှန်းချက်ကိုချပါ။ ကိုယ်လုပ်နေကျ အချိန်ဇယားတွေကိုပြောင်းလဲလိုက်ပါ။ အလုပ်အသစ်တွေ ဒါမှမဟုတ်ရင် ဝါသနာအသစ်တွေကို ရှာပါ။

ကိုယ့်ခေါင်းထဲမှာရှိနေတဲ့ မကောင်းတဲ့ စကားသံတွေကို ဖယ်ရှားပြီး အိမ်မက်အသစ်မက်ကာ တက်တက်ကြွကြွလုပ်ဆောင်ပါ။

မျှော်လင့်ချက်မရှိခြင်း

သင်အသက် ၈ နှစ်အရွယ်ဘဲဖြစ်ဖြစ် အသက်၈၀ အရွယ်ဘဲဖြစ်ဖြစ် ဘာမှကိစ္စမရှိပါဘူး။ “ငှက်တွေက ပျံရင်းနဲ့ သေသလို၊ လူတွေကလည်း ကြံရင်း နဲ့ သေရပါမယ်” ။ ဒါ့ကြောင့် မရေမတွက်နိုင်တဲ့ မျှော်လင့်ချက်တွေ၊ အိမ်မက်တွေလိုအပ်ပြီး အိမ်မက်တွေ အရောင်စုံလာအောင်လည်း ကြိုးစားသင့် ပါတယ်။

ဒါ့ကြောင့် မနက်တိုင်း မျှော်လင့်ချက်၊ အိမ်မက်တွေနဲ့ နိုးထပါ။

ကိုယ့်ကိုကိုအပြစ်တင်ခြင်း

တခါတလေကျရင် ကိုယ့်ကိုကို အပြစ်တင်တဲ့အချိန်တွေရှိပါတယ်။ ကိုယ့်ကလေးရဲ့ပညာရေး အခြေအနေမကောင်းရင် ကိုယ်ဂရုစိုက်တာနည်းလို့၊ ကိုယ့်မိဘတွေ နေမကောင်းဖြစ်ရင် ကိုယ်ဂရုမစိုက်ခဲ့လို့နဲ့ တချိန်လုံး ကိုယ့်ကိုကို အပြစ်တင်နေတာမျိုးရှိပါတယ်။

ဝန်ထုပ်ဝန်ပိုးတွေကို ခဏလောက်ချထားပါ။ စိတ်ကောကိုယ်ပါ တည်ငြိမ်အောင်ထားပါ။ ရိုးရိုးရှင်းရှင်းလေး စဉ်းစားပြီး ကိုယ်လုပ်နိုင်ခဲ့တာတွေကို စဉ်းစားပါ။ ကိုယ့်ကိုကို ပြန်ဝေဖန်ဆန်းစစ်ပါ။