ဖျားနေရင်းနဲ့ ချောင်းဆိုးပြီဆိုရင် အိပ်လို့လည်းမရ ခံရလည်းတော်တော် ခက်လှပါတယ်။
လည်ပင်းယားပြီး ချောင်းမကြာခဏဆိုးလာပြီဆိုရင် ကိုယ့်အနီးနားက လူတွေပါ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဆေးဝါးတွေကို အလွယ်တကူ မကြာခဏမှီဝဲတာဟာ သိပ်တော့မကောင်းလှပါဘူး။ ဒ့ါကြောင့် သဘာဝဆေးစွမ်းတစ်လက် ဖော်စပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။
အိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်မှာဖြစ်လို့ စာဖတ်သူတို့ အဆင်ပြေကြမှာပါ။
ပါဝင်ပစ္စည်း
သကြား ၁ ခွက်
ရေ ခွက်တစ်ဝက်
သံပုယိုရည် စားပွဲတင်ဇွန်း ၁ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
လေးညှင်းပွင့် (ကြိတ်ပြီးသား) လက်ဖက်ရည်ဇွန်း ၁/၄ ပုံ
ပြုလုပ်နည်း
သကြားတစ်ခွက်ကို ရေခွက်တစ်ဝက်ဖြည့်ထားတဲ့ ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် သံပုယိုသီးကို တစ်ခြမ်းလှီးပြီး အရည်ညှစ်ထည့်ပါ။ စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်ပေးရမှာဖြစ်ပါတယ်။ အဲဒီနောက် ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဂျင်းနဲ့ လေးညှင်းပွင့် ကိုထည့်ပါ။ ပြီးရင် အပူချိန်အနေတော်ပေးပြီး သည်ပါ။ စပြီးဆူလာပြီဆိုရင် မွှေပေးပါ။ ပြီးရင် အပူရှိန်နည်းနည်းလျှော့ပါ။ အဲဒီနောက် ဆက်တိုက်မွှေပေးပါ။၁၅ မိနစ် မိနစ် ၂၀ လောက်ထိ ဆူနေရင်း ထားထားရင်အကောင်းဆုံးပါပဲ။
ပြီးရင် မီးဖိုပေါ်ကချပြီး မိနစ်အနည်းငယ်လောက် အအေးခံပါ။ အရည်ကစပြီး ပျစ်လာမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဗန်းတစ်ခုပေါ်မှာ Baking Paper စက္ကူသုံးပြီး စောစောကလုပ်ထားတဲ့ အရည်ကို တစ်ပုံချင်း မကပ်အောင်ချပေးပါ။ မနစ် ၂၀ လောက်ထားပါ။ ပြီးရင်တော့ သကြားမှုန့်နဲ့ ဖြန်းပေးပါ။ အဲဒါဆိုရင်ရပါပြီ။
ပြီးရင် အဲဒါကို ဘူးတစ်ခုထဲမှာထည့်ထားပေးပါ။ သောက်တော့မယ်ဆိုရင် ရေကော်ဖီခွက်အနေတော်ထည့်ပြီး စောစောက ကိုယ်လုပ်ထားတဲ့ အချပ် ၂ ချပ်နဲ့ ဖျော်သောက်ပါ။