ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ထိန်းသိမ်းထားဖို့နဲ့ ဆိုးရွားတဲ့အလေ့အထတွေကို ရှောင်ကြဉ်ဖို့ဆိုတာဟာ လူတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်ဆောင်နေချိန်မှာဆိုရင် မိမိအတွက်သာမက ရင်သွေးငယ်လေးရဲ့ကျန်းမာရေးကိုပါ ဂရုတစိုက်ရှိလာရမှာဖြစ်လို့ ကိုယ်ဝန်ဆောင်နေချိန်မှာ လုံးဝမပြုလုပ်သင့်တဲ့ အလေ့အထအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ အရက်သေစာသောက်စားခြင်း
ကိုယ်ဝန်ရှိပြီလို့ သိသိချင်း အယ်လ်ကိုဟောပါဝင်တဲ့ အရည်မှန်သမျှကို ရှောင်ကြဉ်ပါ။ အရက်တွေက ဗိုက်ထဲမှာရှိနေစဉ် ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုပေါ် သက်ရောက်နိုင်ပြီး မွေးလာတဲ့အခါမှာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ရင်သွေးလွယ်ထားရစဉ်အတွင်း ဝိုင်သောက်သုံးခြင်းက ကလေးပျက်ကျခြင်းနှင့် လမစေ့ခင်မွေးဖွားခြင်းတို့ကို ဖြစ်စေနိုင်လို့ အတတ်နိုင်ဆုံးရှောင်ရှားပါ။
၂။ ဆေးလိပ်သောက်ခြင်း
အရက်သောက်တာထက် ပိုဆိုးပါတယ်။ ဆေးလိပ်တွင်ပါဝင်တဲ့ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုဒ်နှင့် အခြားဓာတုဆေးဝါးတွေက ကလေးရဲ့အဆုတ်တွေဖွံ့ဖြိုးမှုပေါ် သက်ရောက်နိုင်ပြီး မွေးလာတဲ့အခါမှာလည်း ကိုယ်ရောစိတ်ပါ ကျန်းမာရေးအရှုပ်အထွေးတွေ ဖြစ်လာစေနိုင်ပါတယ်။
ကိုယ်တိုင်မသောက်တာတင်မဟုတ်ဘဲ တခြားသူသောက်နေတဲ့ အခိုးငွေ့တွေကိုပါ ဝေးဝေးမှာရှောင်ပါ။
၃။ အသင့်စား အစားအစာများစားသုံးခြင်း
ကိုယ်ဝန်ဆောင်နေချိန်မှာ ချဉ်ခြင်းတက်တာမျိုးဖြစ်နိုင်ပေမယ့်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးဖို့တော့ အလွန်အရေးကြီးပါတယ်။
ကျန်းမာရေးနှင့်အထူးကိုက်ညီမှုရှိသည့် အစားအစာတွေကို စားသုံးပေးတာက ကလေးရဲ့ပေါင်ချိန်ကိုလည်း ပုံမှန်ဖြစ်စေပြီး သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးပါတယ်။
၄။ ကော်ဖီအလွန်အကျွံသောက်သုံးခြင်း
ပုံမှန်အနေနဲ့ တနေ့လျှင် ကော်ဖီ ၁ ခွက်မှ ၂ ခွက်သောက်သုံးတာက ကိုယ်ဝန်ဆောင်သည်များအတွက် စိုးရိမ်စရာမဟုတ်ပေမယ့်လည်း အတိုင်းထက်အလွန်သောက်သုံးမယ်ဆိုရင်တော့ လျော့ချဖို့လိုလာပါပြီ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီအများအပြားသောက်သုံးခြင်းက မိခင်နှင့်ကလေးရဲ့ ကျန်းမာရေးကို အန္တရာယ်ပြုလာနိုင်ပါတယ်။
၅။ ကိုယ့်သဘောကျ ဆေးတွေသောက်သုံးခြင်း
ခေါင်းကိုက်တာဖြစ်ဖြစ် အအေးမိတာဖြစ်ဖြစ် လူအများစုဟာ အလျင်အမြန်ပျောက်ကင်းဖို့အတွက် ကိုယ်သိထားတဲ့ ဆေးတွေကိုပဲ သောက်သုံးတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဒီလိုအပြုအမူကို လုံးဝတားမြစ်ရပါမယ်။
ဆေးအပါအဝင် သောက်သုံးလိုက်သမျှဟာ သန္ဓေသားကိုရောက်သွားနိုင်ပြီး မွေးဖွားလာမည့် ကလေးကိုအန္တရာယ်ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် နေထိုင်လို့မကောင်းပါက ဆရာဝန်နဲ့ချက်ချင်းသွားရောက်ပြသပြီးမှ ဆေးဝါးတွေသောက်သုံးပါ။