ကိုယ်အလေးချိန်လျှော့ချချင်သူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ရင်ကိုယ်အလေးချိန်ကျမယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါဟာဘာမှားလို့လဲလို့တွေးရင်တော့ မှန်ပါတယ်။ မမှားပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်းနဲ့ အာဟာရဓာတ် သင့်တင့်မျှတစွာစားသုံးပေးဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး အမြဲတမ်းစားနေရင်၊ ညဖက်မှာလည်း အဆီတက်စေတဲ့အစားအစာတွေကို စားနေရင်တော့ ကိုယ်အလေးချိန် လျှော့ချနေပေမယ့်လည်း ဘာမှထူးမှမဟုတ်ပါဘူး။ ဝိတ်ကျချင်လို့ Gym ကစားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာထက် ခန္ဓာကိုယ်အချိုးအစား ကျစ်လျစ်ဖို့နဲ့ ကျန်းမာရေးအတွက်ဆိုပြီး ခံယူထားသင့်ပါတယ်။

နောက်တစ်ချက်ကတော့ အာဟာရဓာတ်သင့်တင့်မျှတစွာစားသုံးဖို့ပါပဲ။ အာဟာရဓာတ်သင့်တင့်မျှတစွာစားသုံးတယ်လို့ဆိုရမှာ ပြောရတာ လွယ်သလောက်လည်း လုပ်ရခက်ခဲလှပါတယ်။

ယနေ့ခေတ်မှာအလုပ်ကိုယ်ဆီနဲ့ မအားလပ်ရတဲ့အထဲ အာဟာရဓာတ်မျှတအောင် ရွေးချယ်စားဖို့ဆိုတာ သိပ်ပြီးမလွယ်ကူလှတော့ပါဘူး။ ဒါ့ကြောင့်လည်း အသင့်စားအစားအစာတွေကို ဝယ်ပြီးစားသုံးမိကြပါတယ်။ အဲဒီလိုအလွယ်လမ်းကလိုက်မယ့်အစား အာဟာရဓာတ်သင့်တင့်မျှတအောင် စားသုံးသင့်ပါတယ်။

အဆီများတာကိုလျှော့စားတာ၊ အဆီတွေကိုဆစ်ပြီးစားပေးတာမျိုးလုပ်ပေးသင့်သလို သရေစာစားရာမှာလည်း အသီးအနှံတွေကို ရွေးချယ်စားသုံးသင့် ပါတယ်။ အဆီများတာကို လျှော့စားလို့ပြောတာမို့ အဆီလုံးဝမစားဘဲမနေသင့်ပါဘူး။ ထောပတ်သီး၊ ငါး စတဲ့ Omega 3 Fatty Acid အဆီပါဝင်တဲ့ ကျန်းမာရေးအတွက်ရော အလှပအတွက်ပါအထောက်အကူပြုတဲ့ အစားအစာကိုတော့ သင့်တင့်မျှတစွာစားပေးပါ။

နောက်တစ်ချက်တော့ စိတ်ဖိစီးမှုကိုလျှော့ချဖို့လိုပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်မှာအဆီတွေစုလာပြီး ကြည့်လိုက်ရင် ဝတယ်လို့မထင်ရပေမယ့် ဗိုက်မှာရော ခန္ဓာကိုယ်မှာရော အဆီတွေစုနေတာမျိုးဖြစ်တတ်ပါတယ်။ တချို့ပြောတာကို ကြားဖူးကြမှာပါ။ သူကြည့်လိုက်ရင်မဝသလိုနဲ့ အဆီတွေအများကြီးပဲဆိုတာမျိုးပေါ့။ အဲဒါရဲ့ အဓိကပြဿနာကတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချဖို့ဆိုရင်တော့ မနက်စောစောမှာ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ဖြည်းဖြည်းပြေးတာ၊ လမ်းလျှောက်တာမျိုးလုပ်သင့်ပါတယ်။

အိပ်ရေး၀၀အိပ်သင့်ပါတယ်။ အလှပအတွက်ရော ကိုယ်အလေးချိန်လျှော့ချဖို့အတွက်ပါ အိပ်ရေး၀၀အိပ်ပေးပါ။ တချို့ အိပ်ရေးမဝရင် အိပ်ရေးပျက်ရင် ပိန်တယ်လို့ထင်နေတတ်ကြပါတယ်။ ဒါဟာတကယ်တော့မမှန်ပါဘူး။ မျက်ကွင်းဟောက်ပက်နဲ့ သင့်အသားအရေကိုလည်း အမြန်ဆုံး အိုမင်းရင့်ရော် စေပါတယ်။ ည ၁၁ နာရီမထိုးခင် အိပ်ယာဝင်ပေးတာဟာ သင့်အသားအရေအတွက်ကောင်းမွန်ပါတယ်။ တစ်နေ့ကို ၈ နာရီအိပ်ပေးသင့်ပါတယ်။

ရေများများသောက်ပါ။ တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက် ၉ ခွက်သောက်ပေးသင့်ပါတယ်။ အစာမစားခင် ၅ မိနစ် (သို့) ၃ မိနစ်အလိုမှာ ရေတစ်ခွက်လောက်သောက်ပေးပါ။

အစာမစားဘဲမနေသင့်ပါဘူး။ ညစာလုံးဝမစားတာမျိုးမလုပ်သင့်ပါဘူး။ တစ်ပတ်အတွင်း ၁၀ ပေါင်၊ ပေါင်၂၀လောက်ချမယ်ဆိုတာဟာလည်း ယုတ္တိမရှိတဲ့ အယူအဆအမှားတွေပါ။ အစာမစားရင် ကိုယ်အလေးချိန်ကျမယ်ဆိုတာထက် အားအင်ယုတ်လျော့ပြီး သင့်ကျန်းမာရေးကိုထိခိုက်စေသလို အသားအရေလည်း အိုမင်းရင့်ရော်စေတာမို့ အမြန်ဆုံးရုပ်ရင့်စေပါတယ်။ တကယ်တော့ ကိုယ်အလေးချိန်လျှော့ချတယ်ဆိုရာမှာ အစားလုံးဝမစားဘဲ အစာရှောင်မယ့်အစား အာဟာရသင့်တင့်မျှတအောင်စားပေးပါ။