အသက် ၃၂ နှစ်အရွယ် ရေဗက္ကာဆီဒို (Rebekah Ceidro) က တခါမှ အပြေးလေ့ကျင့်ဖို့ မစဉ်းစားသလို ကိုယ်အလေးချိန် လျော့ချဖို့အတွက်လည်း စိတ်တောင်မကူးခဲ့ပါဘူး။ ဒါ့အပြင် ဆီနဲ့ ကြော်ထားတဲ့ အစားအစာတွေက သူ့ရဲ့ အကြိုက်နှစ်သက်ဆုံးပါဘဲ။

အခုတော့ Pittsburgh ဆေးပညာ တက္ကသိုလ်က ကျင်းပတဲ့ မာရသွန်အပြေးပွဲမှာ ပန်းဝင်ခဲ့သူပါ။ လွန်ခဲ့တဲ့ ၆လကျော်လောက်ကဆိုရင် သူ့အလေးချိန်က ပေါင် ၂၀၀ လောက်ရှိနေပါတယ်။ သူ ဗိုက်ဆာအတိုင်း အကြော်တစ်ခုခု စားလေ့ရှိလောက်အောင် ဆီနဲ့ ကြော်ထားတဲ့ အကြော်တွေကို ကြိုက်နှစ်သက်သူပါ။

သူ့ရဲ့ သူငယ်ချင်းလည်းဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ခရစ် မော ရဲ့ သတင်းကို လူမှုကွန်ယက် facebook မှာ တွေ့လိုက်ရတဲ့အချိန်မှာ သူ့ဘဝကို ပြောင်းလဲခဲ့ပါတယ်။

ဒါကတော့ အသက် ၃၀ အရွယ် သူငယ်ချင်းဖြစ်သူ ခရစ် (Chris) မှာ နာတာရှည် ကျောက်ကပ်ရောဂါရှိပြီး ၆ လကနေ ၁ နှစ်အကြား ကျောက်ကပ်အစားမထိုးရင် အသက်မရှင်နိုင်တော့ဘူးလို့ ဆရာဝန်တွေက ပြောခဲ့တယ်ဆိုတဲ့ အကြောင်းကို ခရစ်ရဲ့ Facebook မှာ တင်ထားတာဖြစ်ပါတယ်။

“ဒီ post ကိုမြင်လိုက်တဲ့အချိန်မှာ အရမ်းကို စိတ်ထိခိုက်သွားတယ်”လို့ ရေဗက္ကာကပြောပါတယ်။ အသက် ၃၀ အရွယ်ဆိုတာ ဘဝရဲ့ တက်လမ်းတွေစတင်တဲ့အရွယ်။ အလုပ်အကိုင်တွေစကောင်းလာပြီ။ မကြာခင်မှာ လက်ထပ်အိမ်ထောင်ပြုတော့မယ့် အရွယ်ပေါ့။ ကိုယ်သာလျှင် သူ့နေရာမှာဆို ဘယ်လိုခံစားမလဲ လို့ တွေ့မိတယ်လု့ိ ရီပက်ခါက ပြောပါတယ်။

“ဘယ်သူကမှ ကူညီချင်တယ်၊ ဘာလုပ်ပေးရမလဲဆိုတာ မမေးကြဘူးလေ”လို့ ရေဗက္ကာ ပြောပါတယ်။

ဒီအချိန်မှာတော့ ရေဗက္ကာက သူ့ကျောက်ကပ်ကို လှူပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က သူ့ဘဝရော၊ သူငယ်ချင်းဘဝအတွက်ပါ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပါတယ်။

ခရစ်ကလည်း ဆရာဝန်တွေရဲ့ စကားကို ကြားပြီးကတည်းက သေမိန့်ချမှတ်ခံရသူတစ်ယောက်လိုဘဲ သဘောထားခဲ့တယ်လို့ ဆိုပါတယ်။

ဝေဒနာရှင်တော်တော်များများက ကျောက်ကပ် အလှူခံရဖို့အတွက် နှစ်ပေါင်းများစွာကြာအောင် စောင့်နေရပြီး အများအားဖြင့် ကျောက်ကပ် မရခင်မှာဲ သေဆုံးကြတာပါ။

ကံကောင်းစွာဖြင့် ရေဗက္ကာရဲ့ သွေးအုပ်စုနဲ့ ခရစ်နဲ့ တူညီနေတာကြောင့် လှူလို့ရတဲ့ အဆင့်တစ်ဆင့်ကိုတော့ ကျော်ဖြတ်ပြီးပါပြီ။ ကိုယ်အလေးချိန် ၂၁၃ ပေါင်ရှိနေတဲ့ ရီပက်ခါကို ဆရာဝန်တွေက ခွဲစိတ်ဖို့ လက်မခံခဲ့ပါဘူး။

ဒါကြောင့် ရေဗက္ကာက ကိုယ်အလေးချိန် လျော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ နေ့စဉ်စားသောက်နေထိုင်မှုပုံစံတွေကို လုံးလုံးကို ပြောင်းလဲပစ်ခဲ့ပါတယ်။ သူအရမ်းကြိုက်တဲ့ ဆီကြော်တွေလုံး၀ ရှောင်ကြဉ်ပြီး စားသောက်မှုပုံစံကို အထောက်အပံ့ပေးတဲ့ Application တွေ YouTube ဗီဒီယိုတွေ၊ ဆောင်းပါးတွေ ဖတ်ပြီး လေ့လာခဲ့ပါတယ်။

အဲ့ဒီအပြင် လမ်းလျှောက်ရမှာပျင်းတဲ့ ရီပက်ခါက စစချင်းမှာပင် တစ်နေ့ကို ၃ မိုင်ကျော် ပြေးခဲ့ပါတယ်။

နောက်တစ်လလောက်အကြာမှာ တစ်နေ့ကို ၄ မိုင်ကျော် ပြေးနိုင်လာပါတယ်။ ၆ လအတွင်းမှာ ပေါင် ၄၀ လောက်ကျခဲ့ပါတယ်။

အခုအချိန်မှာတော့ သူ့ကို ဆရာဝန်တွေက ကျောက်ကပ်လှူဖို့ လက်ခံလိုက်ပြီး မကြာသေးခင်မှာ ကျောက်ကပ် ခွဲစိတ်မှု ပြုလုပ်တော့မှာဖြစ်ပါတယ်။

ခရစ်က “သူက ကျွန်တော့်ကို ကျောက်ကပ်ပေးရုံသာမက စိတ်ခွန်အားကိုပါ ပေးခဲ့တယ်။ သူတောင်လုပ်နိုင်သေးတာဘဲ ငါဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ ဆိုတဲ့ ခွန်အားတွေပါ ရရှိခဲ့တယ်”လို့ ပြောပါတယ်။

ကျောက်ကပ်လှူပြီး ၂၀၁၈ ခုနှစ်မှာ မာရသွန် ပြိုင်ပွဲတစ်ခု ဝင်ဖို့ စာရင်းပေးထားတယ်လို့ ရေဗက္ကာက ပြောပါတယ်။