ကမ္ဘာပေါ်မှာ အရသာရှိတဲ့ မုန့်ပဲသရေစာများ၊ သကြားဓာတ်ပါဝင်တဲ့ အချိုးအစားများ မရေမတွက်နိုင်အောင် ပါရှိပါတယ်။ အချိုကို တခါတလေ စားသုံးနိုင်ပေမယ့် အချိုဓာတ်လွန်ကဲမယ်ဆိုရင်တော့ အဝလွန်ရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါတို့ကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် သရေစာမုန့်များနဲ့ အချိုစာများကို အသင့်အတင့်ပဲ စားသုံးသင့်ပါတယ်။

သင့်အနေနဲ့ ထိုအစားအစာတွေကို ရှောင်ကြဉ်သင့်တဲ့ ခိုင်လုံတဲ့အကြောင်းပြချက်များ များစွာရှိပါတယ်။

အာဟာရဓာတ် နည်းပါးခြင်း

မုန့်ပဲသရေစာများ၊ အချိုစာများကို ပမာဏများများ စားသုံးခြင်းက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်များကို လုံးဝဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အာဟာရပမာဏက သုညပမာဏပဲ ရှိတာဖြစ်တယ်။

သွေးတွင်းသကြားဓာတ်များ မြင့်မားစေခြင်း

ထိုအစားအစာတွေမှာ အာဟာရပမာဏ လုံးဝမပါဝင်ပေမယ့် ကယ်လိုရီဓာတ်ကတော့ မြင့်မားစွာပါဝင်ပါတယ်။ ကယ်လိုရီဓာတ်များပြားတဲ့ အစားအစာတွေကို စားသုံးခြင်းက ခန္ဓာကိုယ်တွင်းရှိ သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာမြင့်တက်စေနိုင်ပါတယ်။

ဆီးချိုရောဂါ ခံစားရခြင်း

သွေးတွင်းသကြားဓာတ် မြင့်တက်လာတဲ့အခါ သင့် ခန္ဓာကိုယ်က တစ်ကိုယ်လုံးနုန်းချိပြီး ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။ ဒါ့အပြင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဆီးချိုရောဂါကို ခံစားနိုင်ပါသေးတယ်။

အဝလွန်ရောဂါ ခံစားရခြင်း

 

အချိုစာနဲ့ မုန့်ပဲသရေစာထဲမှာပါဝင်တဲ့ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်များက လျင်မြန်စွာအစာကြေသွားတာကြောင့် သင် မကြာခဏဆာလောင်နေတတ်ပါတယ်။ ဒီလိုမကြာခဏဆာလောင်တတ်လို့ အစားအစာတွေကို တရစပ်စားသုံးမယ်ဆိုရင် သင့် ခန္ဓာကိုယ်က တဖြည်းဖြည်းအလေးချိန် မြှင့်တက်လာပြီး နောက်ဆုံးမှာတော့ အဝလွန်ရောဂါကို ခံစားရနိုင်ပါတယ်။

ဝမ်းဗိုက်တွင် အဆီများစုကာ ဗိုက်ပူတတ်ခြင်း

ထိုသရေစာတွေထဲမှာ ပါဝင်တဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်များက သင့်ရဲ့ဝမ်းဗိုက်မှာ အများဆုံးစုပုံနေတတ်ပြီး ထိုဓာတ်များကို သင့် ခန္ဓာကိုယ်က မချေဖျက်နိုင်တဲ့အတွက်ကြောင့် ဝမ်းဗိုက်မှာ အဆီပိုတွေ စုပုံပြီး ဗိုက်ပူလာတတ်ပါတယ်။