နားယားယံခြင်းသည် အသက်အရွယ်အပိုင်းအခြားမရွေး လူတိုင်းလူတိုင်းတွင် ဖြစ်ပွားတတ်သည့် အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ထိုယားယံမှုကို သက်သာစေရန်မှာ သင်လုပ်ဆောင်သည့်အပြုအမူပေါ်တွင် မူတည်နေပါတယ်။ မည်မျှပင်ယားယံနေစေကာမူ အရာဝတ္ထုတစ်ခုခုအား နားအတွင်းသို့ ထိုးထည့်ခြင်းမှာ လုံးဝမပြုလုပ်သင့်သည့်အရာပါ။ ထိုသို့ပြုလုပ်ခြင်းက အကြားအာရုံကိုဖြစ်ပေါ်စေသည့် သေးငယ်သော အရိုးလေးများ အပါအဝင် နား၏အတွင်းပိုင်းပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ထို့အတွက် မည်သည့်အကြောင်းအရင်းများကြောင့် နားယားယံမှုဖြစ်ပေါ်ရပြီး မည်သို့ပျောက်ကင်းအောင်ပြုလုပ်နိုင်သလဲဆိုတာကို သိရှိစေရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။

နားအတွင်းဂျီးများပြည့်နေမှု

အသားအရေရှိ ဆဲလ်သေများနှင့် နားအတွင်းရှိ အညစ်အကြေးများကို ခန္ဓာကိုယ်မှသန့်စင်သည့် နည်းလမ်းတစ်ခုဖြစ်သော်လည်း အများအပြား ဖြစ်လာသည့်အခါမှာတော့ သင့်အားယားယံမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဝါဂွမ်းချောင်းကိုအသုံးပြုခြင်းသည် ဂျီးများကို အတွင်းသို့ ပို၍တွန်းပို့လိုက်သလို ဖြစ်သွားသည့်အတွက် ထိုအစား စုဝေးနေသည့်ဂျီးများကို ကွဲထွက်စေသည့် နားအတွင်းချဆေးစက်ကိုအသုံးပြုကြည့်ပါ။

သို့သော်လည်း နားအတွင်းတွင်ဂျီးများမရှိသည့်တိုင်အောင် တခါတလေယားယံတတ်သည့်အတွက် အလွန်အကျွံမပြုလုပ်မိဖို့အကြံပေးချင်ပါတယ်။

ရောဂါကူးစက်ခံရမှု

ဘတ်တီးရီးယားများ နှင့် ဗိုင်းရပ်စ်ပိုးများကြောင့် နားယားယံမှုဖြစ်ပွားတတ်ပြီး အအေးမိခြင်း၊ အဖျားရှိခြင်း သို့မဟုတ် ဓာတ်မတည့်ခြင်းများကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ အချို့ကူးစက်မှုများသည် အချိန်တန်လျှင် ပျောက်ကင်းသွားတတ်ကြသော်လည်း တချို့အတွက်ကိုတော့ ဆရာဝန်နှင့်ပြသ၍ ဆရာဝန်ညွှန်ကြားချက်အရ နားဆေးစက်ချခြင်းကို မှန်မှန်လုပ်ဆောင်ပေးရန် လိုအပ်ပါတယ်။

အသားဓာတ်မတည့်မှု

ဆံပင်ဖြန်းဆေး သို့မဟုတ် ခေါင်းလျှော်ရည်များကဲ့သို့ အလှကုန်ပစ္စည်းများနှင့် သတ္တုဒြပ်စင်အသုံးပြုထားသည့် နားကပ်များသည်လည်း သင့်နားအားယားယံမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုအခါ သင်သုံးပြုနေသည့်မည်သည့်အရာက သင့်အားယားယံစေသလဲဆိုတာကို သိရန်လုပ်ပြီး ထိုအရာကိုအသုံးပြုခြင်းမှ ရပ်တန့်လိုက်ရမှာဖြစ်ပါတယ်။

နှင်းခူ သို့မဟုတ် အရေပြားရောဂါ

အကယ်၍သင့်တွင် ဤရောဂါအခြေအနေများရှိပါက နားယားယံမှု ဖြစ်လေ့ဖြစ်ထရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ထိုပြဿနာများကို နားစက်ချဆေးရည်များဖြင့် ကုသနိုင်သော်လည်း ပြင်းထန်လာသည့်အခါများတွင်တော့ ဆေးသောက်သုံးရန်လိုအပ်လာမှာဖြစ်ပါတယ်။

နားသန့်ရှင်းရေးပြုလုပ်ခြင်း

ဝါဂွမ်းနားကော်တံကို နားအတွင်းသို့ထည့်သွင်းခြင်းသည် နားကိုနီရဲစေကာ ယားယံသည့်ခံစားချက်ကို ကျန်ရစ်စေနိုင်ပါတယ်။ ဆံပင်ညှပ်ကလစ်များ၊ စာရွက်ကလစ်များ၊ မီးခြစ်ဆံများ နှင့် လက်ချောင်းများကို အသုံးပြုခြင်းသည်လည်း နားအတွင်းရှိ အသားအရေကို ကုတ်ခြစ်မိနိုင်သောကြောင့် ဘတ်တီးရီးယားများကို ဝင်ရောက်စေကာ ကူးစက်မှုများဖြစ်ပေါ်လာစေနိုင်ပါတယ်။