မျက်ရည်တွေက လူတစ်ယောက် ခံစားချက်ရဲ့ ရောင်ပြန်ဟပ်မှုပါ။ ဝမ်းနည်းလည်းမျက်ရည်ကျမယ်၊ ပျော်လည်းမျက်ရည်ကျမယ်၊ တအားရယ်လိုက်တဲ့အခါမျက်ရည်ကျမယ်။ တစ်ခါတစ်လေ ဘာမှမခံစားရပဲနဲ့ ကြက်သွန်နီလှီးလိုက်လို့တောင်မျက်ရည်ကျလာတာမျိုးရှိမယ်။ ဘယ်လိုပဲမဆို မျက်ရည်ကျလာတာနဲ့ အဲ့ဒီ့မျက်ရည်က ငန်တာပါပဲ။ မျက်ရည်ဘာကြောင့်ငန်လဲဆိုပြီး မေးခွန်းထုတ်မိကြမှာပါ။ ဘာကြောင့်လဲဆိုတာမပြောခင် အရင်ဆုံး မျက်ရည်(၃)မျိုးအကြောင်း လေ့လာကြည့်ရအောင်။

၁။Basal tears

ပြောရရင် မျက်ကြည်လွှာအပေါ်အမြဲတမ်းဖုံးလွှမ်းနေတဲ့ မျက်ရည်လွှာပါးပါးလေးပါ။ Basal မျက်ရည်လွှာသာမရှိဘူးဆိုရင် မျက်လွှာခြောက်ခြင်းဖြစ်လာပြီး အခန့်မသင့်ရင် အမြင်အာရုံတောင်ချို့တဲ့သွားနိုင်ပါတယ်။ ဒါကြောင့် Basal မျက်ရည်အရမ်းနည်းတဲ့သူတွေ၊ မျက်လွှာခြောက်သူတွေ အနေနဲ့ Basal မျက်ရည်အစားထိုး မျက်စင်းခတ်ဆေးရည်ကိုထည့်ကြရပါတယ်။

၂။Reflex Tears

ဘာခံစားချက်ကြောင့်မှမဟုတ်ပဲ ဖုန်၊ ဓာတုအငွေ့တွေစတဲ့ အနှောင့်အယှက်တွေကြောင့် တုံ့ပြန်တဲ့အနေနဲ့ထွက်လာရတဲ့မျက်ရည်ပါ။ အဲ့ဒီ့မျက်ရည်က မျက်လုံးတွင်းရောဂါပိုးဝင်ခြင်းမှလည်းကာကွယ်ပေးပါတယ်။ တစ်ခါတစ်လေ ပုံမမှန်၊ဘာအကြောင်းပြချက်မှ မသိရပဲ သူ့အလိုလိုကျလာတတ်တာမျိုးရှိပါတယ်။

၃။Psychic Tears

ခံစားချက်ကြောင့် ထွက်လာတဲ့မျက်ရည်ပါ။ ပထမကပြောသလို ပျော်တဲ့အခါဖြစ်ဖြစ်၊ ဝမ်းနည်းတဲ့အခါဖြစ်ဖြစ် စိတ်ခံစားချက်ကြောင့်တစ်ဆင့်ထွက်လာရတဲ့မျက်ရည်ပါ။

ကဲ..မျက်ရည်(၃)မျိုးအကြောင်းသိရပြီဆိုတော့ မျက်ရည်ဘာကြောင့်ငန်သလဲဆိုတာဆက်ကြည့်ရအောင်။

လူ့ခန္ဓာကိုယ်ထဲမှာ ဆားက ဖန်ခွက်တစ်ခွက်စာလောက်ပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှ စိမ့်ထွက်လာတဲ့ မျက်ရည်၊ ဆီး၊ ချွေးနဲ့ တံတွေးစတာတွေက ကိုယ်တွင်းဆားရည်တွေပါဝင်တာကြောင့် ငန်ကျိကျိဖြစ်နေရတာပါ။ ဆီး၊ ချွေး နဲ့ မျက်ရည်တွေမှာ ဆားပါဝင်ပေမယ့်လည်း သူတို့ရဲ့ပါဝင်မှုက ထိန်းညှိမှုရှိနေတာကြောင့် ဆား၃ရာခိုင်နှုန်းလောက်ပါဝင်တဲ့ ပင်လယ်ရေတွေလို စပ်ဖျဉ်းဖျဉ်းမဖြစ်စေတာပါ။