လက်သည်းတွေက သင့်ကျန်းမာရေးအတွက် သဲလွန်စပေးနိုင်တယ်ဆိုတာကော သိပါရဲ့လား? လက်သည်းပုံမှန်အရောင် နေရာမှာ အရောင်ပြောင်း တာ၊ လှိုင်းထတာမျိုး၊ အဖုအထစ်ထတာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ သင့်မှာ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ပြသနာတစ်ခုခုဖြစ်နေတယ်ဆိုတာကို ပြသနေတာပါ။

ဖျော့နေတဲ့လက်သည်း

နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးအားနည်းရောဂါ ဖြစ်တဲ့အခါ ဒါမှမဟုတ် စိတ်ဒဏ်ရာရတဲ့အခါမျိုး အစားအသောက်ချို့တဲ့တာမျိုးတွေ ဖြစ်တဲ့အခါတွေမှာ လက်သည်းအရောင်ဟာ ဖျော့လာတတ်ပါတယ်။

အဖြူရောင်လက်သည်း

အသည်းရောင်ရောဂါ၊ အသားဝါရောဂါ စတဲ့ အသည်းနဲ့ပတ်သတ်တဲ့ ရောဂါခံစားနေရပြီဆိုရင်တော့ လက်သည်းကဖြူလာတတ်ပါတယ်။

အဝါရောင်လက်သည်း

အဝါရောင်လက်သည်းတွေ အဖြစ်များရတဲ့အကြောင်းရင်းက မှိုပိုးကူးစက်တာကြောင့်ပါ။  ရောဂါ ပိုဆိုးလာတာနဲ့အမျှ လက်သည်းတွေထူလာပြီး  ကျိုးလာတတ်ပါတယ်။ပြင်းထန်တဲ့သိုင်းရွိုက်ရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ သို့မဟုတ် psoriasis တို့လို ပြင်းထန်တဲ့ရောဂါမျိုးဖြစ်နေပြီဆိုရင်လည်း လက်သည်းဝါလာတတ်ပါတယ်။

ပြာလဲ့လဲ့လက်သည်း

ခန္ဓာကိုယ်မှာ အောက်ဆီဂျင် လုံလောက်စွာ မရတာမျိုး၊ အဆုတ်မှာ ကျန်းမာရေးပြသနာတစ်ခုခု ဖြစ်လာပြီဆိုရင် လက်သည်းတွေဟာ ပြာလာတတ်ပါတယ်။

လှိုင်းထနေတဲ့လက်သည်း

လက်သည်းမျက်နှာပြင်တွေက မညီညာတွေဘဲ လှိုင်းထတာမျိုး အဖုအထစ်ဖြစ်တာမျိုးတွေဟာ အဆစ်အမြစ် ယောင်ရမ်းတာတွေရဲ့ အစောပိုင်း လက္ခဏာတွေပါ။ လက်သည်းအောက်မှာရှိတဲ့ အရေပြားကလည်း အနီရောင်ဘက်ကို ပြောင်းလဲလာတတ်ပါတယ်။

ကွဲနေတဲ့လက်သည်း

မှိုပိုးဝင်တာကြောင့် လက်သည်းတွေ ကွဲထွက်တာမျိုးဖြစ်တတ်ပေမယ့် လက်သည်းတွေ ခြောက်သွေ့ကြွပ်ဆတ်ပြီး မကြာခဏ ကွဲအက်နေတာက သိုင်းရွိုက်ရောဂါနဲ့လည်း ဆက်စပ်နေပါတယ်။