မင်္ဂလာပါပျိုမေတို့ရေ အလှအပကိုဦးစားပေးဖို့က လိုအပ်တယ်ဆိုပေမယ့်လည်း ကိုယ့်ကျန်းမာရေးကိုလည်းနည်းနည်းလောက် ပြန်ပြီးတော့ ငဲ့ညာကြည့်သင့်ပါတယ်။ ဒေါက်ဖိနပ်ဆိုတာမျိုးကို မိန်းကလေးတိုင်းက အရမ်းကြိုက်ပြီး လမ်းလျှောက်တဲ့အခါမျိုးတွေမှာ ကြွကြွရွရွလေး ဖြစ်နေတာမျိုးကို သဘောကျတတ်ကြပါတယ်။ ဒါပေမယ့် ဒေါက်ဖိနပ်စီးတာကို ရပ်လိုက်မယ်ဆိုရင် ဖြစ်လာမယ့်အရာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ကြွက်သားတွေက ပေါ့ပါးလန်းဆန်းလာမယ်။ ဒေါက်ဖိနပ်စီးဖူးတဲ့မိန်းကလေးတိုင်းသိလောက်မှာပါ။ ခြေသလုံးကြွက်သားတွေကို အားပြုပြီးတော့ လမ်းလျှောက်ရတာဖြစ်တဲ့အတွက် ကြွက်သားနာကျင်တာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ ဒေါက်ဖိနပ်စီးတာကိုရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် ဖိနပ်အပါးလေးတွေကို စီးလိုက်မယ်ဆိုရင် တကယ်ကိုပေါ့ပါးတဲ့ခံစားမှုကို ခံစားရမှာပါ။

ခြေချောင်းလေးတွေနာကျင်မှုကနေ လွတ်ကင်းသွားပါလိမ့်မယ်။ ဒေါက်ဖိနပ်စီးရင် ခြေဖျားထောက်ထားနေရသလိုပါပဲ။ ခြေချောင်းလေးတွေက ထိန်းပြီးတော့လျှောက်နေရတာဆိုတော့ အချိန်ကြာကြာစီးတဲ့အခါမှာ ခြေချောင်းတွေနာကျင်လာမှာပေါ့။

ဒေါက်ဖိနပ်စီးတာ အချိန်ကြာလာလေ ခါးနာတတ်တဲ့အကျင့်ဖြစ်ဖို့ အစပျိုးလာလေပါ။ ဒေါက်ဖိနပ်စီးတာတွေကို ခဏလောက်ရပ်လိုက်တာပဲဖြစ်ဖြစ်၊ လိုအပ်တဲ့အချိန်လောက်မှာပဲ စီးတာက ခါးကိုလည်းသက်သာစေပြီး ကျန်းမာရေးထိခိုက်တာတွေကိုလည်း လျော့နည်းလာစေမှာပါ။

လမ်းများများလျှောက်ဖြစ်လာစေဖို့ အခွင့်အလမ်းတွေကြုံလာပါလိမ့်မယ်။ ဒေါက်ဖိနပ်စီးတဲ့သူတော်တော်များများက လမ်းများများလျှောက်ရမှာကို ကြောက်တတ်ကြပါတယ်။ ဒီလိုနဲ့ ဒေါက်ဖိနပ်စီးဖြစ်တဲ့ရက်တွေဆိုရင် လမ်းသိပ်မလျှောက်ဖြစ်တော့ဘူးပေါ့။

ခန္ဓာကိုယ်အတွက်ပြန်ပြီး ပြုပြင်နိုင်ဖို့ လုပ်ဆောင်သင့်တယ်။ ဒေါက်ဖိနပ်စီးတာ အချိန်ကြာတဲ့သူတွေက ခန္ဓာကိုယ်ကိုပုံမှန်တိုင်းပြန်ဖြစ်စေဖို့အတွက် သက်တောင့်သက်သာပြန်နေဖို့အချိန်လည်း ပေးသင့်တယ်လို့ ဆရာဝန်တွေကဆိုထားပါတယ်။ ဒါကြောင့်ဖိနပ်အပါးလေးပြန်စီးပြီး ကိုယ့်ကိုယ်ကို သက်တောင့်သက်သာပြန်ဖြစ်အောင် နေပေးဖို့လိုပါတယ်နော်။