အရက်သောက်တာဟာ လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် ရေတိုနဲ့ ရေရှည် သက်ရောက်မှု ၂ မျိုးရှိတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ အရက်သောက်တာဟာ သင့်သွား၊ သွားဖုံးနဲ့ ခံတွင်း တစ်ရှူးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

သင့်ခန္ဓာကိုယ်အတွက် ဘယ်လိုသက်ရောက်မှုရှိသလဲ

အရက်အလွန်အကျွံသောက်သုံးတာဟာ သင့်ရဲ့ သွားတွေကို ယိုယွင်းပျက်စီးစေပြီး၊ သွားဖုံးရောဂါဖြစ်စေသလို၊ ပါးစပ်နာတာလည်း ဖြစ်စေနိုင်ပါတယ်။ အရက်သောက်သုံးမှုများတာဟာ ခံတွင်းကင်ဆာ ဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ခံတွင်းကင်ဆာဖြစ်ပွားသူ လူနာ ၁၀ ဦးထဲက ၇ ဦးဟာ အရက်သောက်သုံးမှု အများဆုံးသူဖြစ်ပါတယ်။

အရက်က သွားကို ဘယ်လိုဆိုးကျိုးဖြစ်စေသလဲ

အရက်သောက်သုံးမှုများတဲ့သူတွေဟာ သွားချေးဖြစ်ပေါ်မှု မြင့်မားပြီး သွားကျိုးခြင်း၊ သွားတွေယိုယွင်းပျက်စီးစေနိုင်ပြီးသွားဖုံးရောဂါ ဖြစ်ပွားစေနိုင်တယ်လို့ သွားဆရာဝန်တွေက ဆိုပါတယ်။

သွားတွေကို အရောင်ပြောင်းစေခြင်း

ယမကာတွေမှာ အရောင်ပြောင်းစေတဲ့ chromogen ဆိုတဲ့ ကွန်ပေါင်းဓာတ်တွေပါဝင်ပါတယ်။ အဲဒီဓာတ်တွေဟာ သွားကြွေလွှာမှာ တွယ်ကပ်ပြီး သွားကို အရောင်ပြောင်းစေပါတယ်။

အဲဒီအရက်တွေကို တခြားဆိုဒါတွေနဲ့ ရောပြီးသောက်ပေးတာဟာလည်း ပိုပြီး အန္တရာယ်များပါတယ်။ အရက်မှာ အက်ဆစ်ဓာတ်အများအပြားပါဝင်တဲ့အပြင်၊ ဆိုဒါမှာလည်း သကြားနဲ့ chromogen ဓာတ်ထပ်ပြီးပါဝင်တာကြောင့်ဖြစ်ပါတယ်။

ခံတွင်းခြောက်စေခြင်း

အရက်သောက်ဖူးတဲ့သူတိုင်း ခံတွင်းခြောက်တာ၊ အာခြောက်တာမျိုး ကြုံဖူးကြမှာဖြစ်ပြီး ရေဓာတ်ခမ်းခြောက်ခြင်းတွေ ဖြစ်စေပါတယ်။ ခံတွင်းခြောက်တာဟာ သွားဖုံးရာဂါဖြစ်နိုင်ချေများပြီး သွားတွေကို ဆုံးရှုံးရတာမျိုးဖြစ်စေပါတယ်။ အရက်သောက်ပြီးရင် ရေများများသောက်ဖို့ သတိရသင့်ပါတယ်။

တခြားထိခိုက်ပျက်စီးမှုများ

အရက်သောက်ရင် အေးအေးလေးသောက်ချင်ကြတာကြောင့် ရေခဲကိုလည်း ထည့်ပြီးသောက်လေ့ရှိပါတယ်။ ပြီးရင်လည်း ရေခဲတုံးကို ကိုက်တတ်လေ့ရှိတာကြောင့် သင့်ရဲ့ သွားတွေကို ထိခိုက်ပျက်စီးစေပါတယ်။ သွားပဲ့တာ သွားကြွေတာမျိုးဖြစ်စေပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

သွားပိုးစားခြင်း၊သွားတွေ ထိခိုက်ပျက်စီးခြင်း ဖြစ်ပြီဆိုရင် အစပိုင်းမှာ သင့်အနေနဲ့ သိနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သွားပိုးစားမှ၊ သွားကိုက်မှ ဆရာဝန်ဆီသွားတာထက် သွားတွေကို ကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ်ပါဝင်တဲ့ ဆစ်ဂနယ်လိုမျိုး သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် သွားတိုက်ပေးခြင်း၊ သွားဆရာဝန်နဲ့ ၆ လတစ်ကြိမ်လောက် ပုံမှန်ပြပေးခြင်း ပြုလုပ်သင့်ပါတယ်။