ကိုယ်အလေးချိန်လျှော့ချမယ်ဆိုရင် စားသောက်မှုပုံစံကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချတာနဲ့ ပတ်သက်လို့ သင်မလုပ်ချင်ဘဲ လုပ်လိုက်ရတဲ့အမှားတွေရှိနေပါတယ်။ လူတွေအများအားဖြင့် Diet Plan ကို မှားယွင်းတဲ့ ယုံကြည်ချက်တွေအပေါ်မှာ အခြေခံပြီး ပြုလုပ်လေ့ရှိကြပါတယ်။ ဒါ့ကြောင့် သင်လုပ်မိတဲ့အမှားတွေက ဘာလဲဆိုတာကို မျှဝေပေးပါမယ်။

အစာမစားဘဲနေခြင်း

Source: gymjunkies.com

ကိုယ်အလေးချိန်လျှော့ချင်တဲ့သူတွေဟာ ကယ်လိုရီလျှော့ချတဲ့သဘောအနေနဲ့ အစားတစ်နှပ်လောက်ကိုတော့ မစားဘဲ နေကြလေ့ရှိပါတယ်။ ဒါပေမယ့် တကယ်တော့ ဒါဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူမဖြစ်ပါဘူး။

အခုလို အစာမစားတာဟာ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို နှေးကွေးစေပြီး ကယ်လိုလီလောင်ကျွမ်းမှုကိုတောင် လျော့ကျစေနိုင်ပါတယ်။ စိုးရိမ်ပူပန်မှုလည်း ဖြစ်စေနိုင်ပါတယ်။

ရေတို Diet Plan ကို လုပ်ခြင်း

တစ်ပတ်အတွင်း ဘယ်နှစ်ပေါင်ကျမယ်၊ ရက်အနည်းငယ်အတွင်း ၅ ပေါင်လောက်ကျမယ်၊ စတဲ့ ရေတို (သို့) ခပ်မြန်မြန်ကျစေတဲ့ Diet Plan ကိုလုပ်တာဟာ ရေရှည်အတွက်မကောင်းပါဘူး။

အဲဒီ Plan တွေဟာ ကယ်လိုရီစားသုံးမှုကို အလွန်အကျူးလျှော့ချထားကြပြီး သင့်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေတောင် အပြည့်မရတော့ပါဘူး။ ကိုယ်အလေးချိန်အမြန်လျှော့ချပေးနိုင်တာမှန်ပေမယ့် ကျန်းမာရေးအတွက်မကောင်းတာမို့ ရှောင်စေချင်ပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ Smoothie သောက်ခြင်း

သဘာဝ Smoothie တွေ Juice တွေဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကိုယ်အလေးချိန်လျှော့ကျစေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သကြားတွေ၊ ပါဝင်ပစ္စည်းတွေ အများကြီးရောလိုက်ရင်တော့ ကယ်လိုရီပိုများသွားမှပြါ။ အသီးနဲ့ပဲ သီးသန့်လုပ်ထားတဲ့ Smoothie (သို့) Juiceကိုရွေးချယ်သင့်ပါတယ်။

ကယ်လိုရီအရမ်းတွက်လွန်းခြင်း

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာဆိုတာ သင့်တင့်မျှတတဲ့ ကယ်လိုရီပမာဏရှိသင့်ပါတယ်။ ကယ်လိုရီကို အရမ်းရေတွက်လွန်းပြီး မစားဘဲနေရင်တော့ လိုအပ်တဲ့အာဟာရဓာတ်တွေတောင် ရတော့မှာမဟုတ်ပါဘူး။

အစာစားမယ်ဆိုရင် ပရိုတင်း၊ Omega 3 ၊ Antioxidant ၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သင့်တင့်မျှတအောင်စားပါ။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အရံဟင်းတွေ ရွေးချယ်ခြင်း

ကိုယ်အလေးချိန်လျှော့ချင်လို့ အရွက်သုပ်တွေစားပါတယ်ဆိုမှ အရသာပိုရှိချင်လို့ တခြား ပါဝင်ပစ္စည်းတွေအများကြီးနဲ့ သုတ်ရင်တော့ ဘာမှအကျိုးထူးမှာမဟုတ်ပါဘူး။ သံလွင်ဆီနည်းနည်း၊ သံပုယိုသီးနည်းနည်းထည့်ပြီး သုတ်စားနိုင်ပါတယ်။

Low Calorie အစားအစာကိုပဲစားခြင်း

Low Calories ဆိုတဲ့ အစားအစာတွေကိုပဲ ဝယ်ယူစားသုံးတာဟာ ကျန်းမာရေးနဲ့မညီညွတ်သလို သင့်ကို ကိုယ်အလေးချိန်တောင် ပိုတက်စေနိုင်ပါတယ်။

ဇွဲမရှိခြင်း

ကိုယ်အလေးချိန်လျှော့ချနေသူတွေ အထူးသတိထားရမယ့်အချက်ဖြစ်ပါတယ်။ လူတွေအများအားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဝိတ်ချနည်းကိုလုပ်ဖို့ ခက်ခဲကြသလို ဇွဲလည်းမရှိကြပါဘူး။

ကျန်းမာရေးနဲ့ ညီညွတ်အောင်မစားဘဲ ကိုယ်ကြိုက်တာပဲစားနေမယ်ဆိုရင်တော့ ကိုယ်အလေးချိန်လျှော့ချနိုင်မှာမဟုတ်ပါဘူး။