ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီတွေရှိနေခြင်းကို ဘယ်သူမှသဘောကျနှစ်သက် မှာတော့မဟုတ်ပါဘူး။ ဝမ်းဗိုက်မှာ အဆီပိုတွေစုဝေးနေခြင်းကြောင့် ခန္ဓာကိုယ်အထိုင်အထ သွားလာလှုပ်ရှားမှုတွေမှာ အနှောက်ယှက်ဖြစ်စေသလို ကိုယ်သဘောကျနှစ်သက်တဲ့ အဝတ်အစားတွေ ဆိုရင်လည်း လက်ရှောင်ရတာကြောင့် ကြာလာတဲ့အခါမှာ ကျန်း မာရေးထိခိုက်စေရုံသာမက ကိုယ့်ကိုယ်ကိုယုံကြည်မှုပါလျော့နည်းလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက်မှာ အဆီတွေရှိနေလို့ စိတ်ညစ်နေပါတယ်ဆိုသူတွေအတွက် ဝမ်းဗိုက်အဆီတွေကျစေမယ့် အထိရောက်ဆုံးနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) သကြားဓာတ်လျော့စားပါ

Source : Shutterstock

သကြားဓာတ်လွန်စွာစားသုံးခြင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အနှောက်ယှက်ဖြစ်စေပြီး ကျန်းမာရေးကို ဆိုးဆိုးရွှားရွှားထိခိုက်စေနိုင်ပါတယ်။သကြားမှာ အသည်းကိုထိခိုက်စေတဲ့ ဓာတ် တစ်မျိုးပါဝင်ပြီး လေ့လာသူတွေရဲ့အဆိုအရ သကြားဓာတ်အလွန်အကျွံစားသုံးခြင်းက အသည်းနဲ့ဝမ်းဗိုက်မှာ အဆီတွေစုပုံလာစေတဲ့အဓိကအကြောင်းအရင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ဝမ်းဗိုက်အဆီတွေဖယ်ရှားဖို့ဆိုရင် သကြားစားသုံးမှုကိုထိန်းချုပ်ရမှာဖြစ်ပြီး အချိုရည် အချိုဓာတ်လွန်ကဲတဲပဘသရေစာမုန့်တွေ အသီးဖျော်ရည်တွေကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။

(၂) ပရိုတင်းဓာတ်ပါတဲ့ အစားအစားတွေစားပါ

Source : Shutterstock

ဝိတ်ကျချင်သူတွေ အကောင်းဆုံးက ပရိုတင်းဓာတ်ကြွယ်ဝစွာပါတဲ့အစားအစာတွေဖြစ်ပါတယ်။ပရိုတင်းဓာတ်ပါတဲ့အစား အစာတွေစားသုံးခြင်းက ဝိတ်ကျဖို့ကူညီပေးပြီး အလွယ်တကူ ဝိတ်ပြန်တက်မလာအောင်လည်း တားဆီးပေးပါတယ်။ပရိုတင်းဓာတ်ပုံမှန်စားသုံးပေးမယ်ဆိုရင် ဝမ်းဗိုက်အဆီတွေကျစေဖို့ ကူညီပေးတာကြောင့် ကိုယ့်ရဲ့နေ့စဉ်စားသုံးမယ့်အစားအစား Plan ထဲမှာ ပရိုတင်းဓာတ်များစွာပါဝင်တဲ့ ကြက်ဥ ငါး ပဲတောင့်ရှည် အသား ပဲအမျိုးမျိုး နှင့် နွားနို့တို့ကို ထည့်သွင်းစားသုံးပေးဖို့ လိုအပ်ပါတယ်။

(၃) နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

Source : Shutterstock

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ဝမ်းဗိုက်အဆီတွေလောင်ကျွမ်း စေမယ့် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။များသောအားဖြင့်ဝမ်းဗိုက်အဆီတွေဆိုတာ လှုပ်ရှားမှုနည်းသူတွေ တစ်နေ့ကုန်အထိုင်များသူတွေဖြစ်လေ့ရှိတာကြောင့် ခန္ဓာကိုယ် လှုပ်ရှားမှုဖြစ်စေမယ့် လေ့ကျင့်ခန်းတစ်ခုခုပုံမှန်လုပ်ဆောင်မယ်ဆိုရင် ဝမ်းဗိုက်အဆီတွေကျစေမှာသေချာပါတယ်။ဥပမာ ခပ်သွက်သွက်လမ်းလျောက်ခြင်း Cardio ကစားခြင်း စက်ဘီးစီးခြင်း ရေကူးခြင်း လက်ဝှေ့ကစားခြင်းစသည့်ဖြင့် မိမိလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုကို တစ်ရက်လျှင်အနည်းဆုံး ၄၅ မိနစ်ခန့်အချိန်ပေးလုပ်ဆောင်ရမှာဖြစ်ပါတယ်။

(၄) အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပါ

Source : Shutterstock

အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဟာ ဝိတ်ကျဖို့ကူညီပေးပြီး အစာအိမ်နဲ့အူလမ်းကြောင်းထဲကိုရောက်တဲ့အခါ ရေကိုစုပ်ယူပြီး ဂျယ်လ်လိုစေးပျစ်တဲ့ အသွင်ပြောင်းသွားစေပါတယ်။လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို ရေမှာပျော်ဝင်နိုင်တဲ့အမျှင်ဓာတ် ၁၀ ဂရမ်လောက်စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကျစေပြီး ဝမ်းဗိုက်တစ်ဝိုက်အဆီတွေစုဝေးလာမှုကို လျော့ချပေးတယ်လို့ ဆိုပါတယ်။ဒါကြောင့်အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ ဟင်းသီးဟင်းရွှက်နဲ့ Oatmeal တွေစားသုံးပေးဖို့အကြံပြုချင်ပါတယ်။

(၅) အချိန်မှန်မှန်အိပ်ပါ

Source : Shutterstock

အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ်မှာအဆီပိုတွေစုလာစေမယ့် ဟော်မုန်းဓာတ်တွေကို ထွက်ရှိစေပြီး ဝမ်းဗိုက်အဆီတွေဖြစ်စေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ဒါကြောင့် ဝိတ်ချနေသူတွေအတွက် အစားအသောက်နဲ့လေ့ကျင့်ခန်းတင်မလုံလောက်ပါဘူး။အိပ်ချိန်မှန်ဖို့နဲ့ လုံလောက်စွာအိပ်စက်အနားယူဖို့ ပါမဖြစ်မနေလုပ်ဆောင်ရတာဖြစ်ပါတယ်။ဝမ်းဗိုက်အဆီတွေ ကျဖို့ဆိုရင် ညဘက်တွေမှာစောစောအိပ်စက်အနားယူဖို့လိုအပ်ပြီး တစ်ရက်ကို ၇နာရီအနည်းဆုံးအိပ်စက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

Source : https://www.healthline.com/nutrition/6-proven-ways-to-lose-belly-fat#section2