ယနေ့ခေတ်လူငယ်များသည် အရွယ်ရောက်လာသည်နှင့်အမျှ ကိုယ်စီကိုယ်စီ လုပ်ငန်းခွင်အတွင်းသို့ ဝင်ရောက်ကြရပြီး ညဆိုင်းများ၊ အစည်းအဝေးများ စသဖြင့် ရှုပ်ထွေးခက်ခဲလှသည့် လူနေမှုဘဝကို နေ့စဉ်ရက်ဆက်ဆိုသလို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ လူငယ်များဖြစ်သည့်အတွက် အလှအပကို မက်မောကြသည်မှာ ထုံးစံဖြစ်သော်လည်း အလုပ်တဖက်နှင့် မအားမလပ်ကြသောကြောင့် Gym များသို့ သွားရန်အားလပ်ချိန်မှာ မပြောပလောက်အောင် နည်းပါးလှပါတယ်။

ထို့ကြောင့် အလုပ်ကိုလည်းအနှောင့်အယှက်မဖြစ်စေရဘဲ မိမိကိုယ်ကိုအစဉ်အမြဲကျန်းမာကြံ့ခိုင်မှုရှိနေရန်အတွက် အလွယ်တကူပြုလုပ်နိုင်မည့် နည်းလမ်းလေးများကို မျှဝေပေးလိုက်ရပါတယ်။

လှေကားထစ်များကိုအသုံးပြုပါ။

တနေရာနှင့်တနေရာ အတက်အဆင်းပြုလုပ်သည့်အခါမှာ လှေကားထစ်များကို အသုံးပြုခြင်းက နှလုံးအားကိုကောင်းမွန်စေသည့် လေ့ကျင့်ခန်းတစ်ခုဖြစ်သည့်အတွက် ရုံးတွင်သာမက တိုက်ခန်း၊ ကျောင်း နှင့် တက္ကသိုလ်အစရှိသည်တို့တွင်ပါ အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။

မတ်တပ်ရပ်ပေးပါ။

တနေ့ခင်းလုံး အချိန်ပြည့်ထိုင်နေခြင်းထက် တဦးတယောက်နှင့်တွေ့ဆုံစရာရှိသည့်အခါမျိုးတွင် မတ်တပ်ရပ်အနေထားဖြင့် နေပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းက ကယ်လိုရီမည်မျှလောင်ကျွမ်းသွားစေနိုင်ပြီး တက်ကြွလန်းဆန်းမှုရှိစေနိုင်သလဲဆိုတာကို လက်တွေ့မြင်တွေ့နိုင်ပါတယ်။

ထမင်းဘူးထည့်ပါ။

စားသောက်ဆိုင်များရှိ အစားအသောက်ပမာဏသည် ပုံမှန်ထက်များပြားနေတတ်သလို စားနေစဉ်အတွင်း စကားလက်ဆုံပြောခြင်းက သင်ပမာဏမည်မျှစားသောက်နေသလဲဆိုတာကို မေ့လျော့သွားစေနိုင်ပါတယ်။ ထို့ကြောင့် မိမိကျန်းမာရေးအတွက် သင့်တော်ကောင်းမွန်မည့် အစားအစာများကို စိတ်တိုင်းကျရွေးချယ်ထုတ်ယူသွားခြင်းက အမှန်ကန်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

ရေများများသောက်ပေးပါ။

စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းရန်အတွက် ရေဓာတ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ တနေ့လျှင် ရေ ၃လီတာ ပမာဏကို မှန်မှန် သောက်သုံးပေးရန်တိုက်တွန်းပေးချင်ပြီး ရေဓာတ်ပြည့်ဝနေသည့်အခါ အလုပ်တွင်ပိုမိုအာရုံစူးစိုက်လာနိုင်မှာဖြစ်ပါတယ်။

ဟိုနားဒီနားလမ်းလျှောက်ပေးပါ။

တနေရာမှ တနေရာသို့ ရွေ့လျားသွားလာပေးခြင်းက ကျန်းမာကြံ့ခိုင်ဖို့အတွက်သာမက အာရုံစူးစိုက်အားကိုလည်း ကောင်းမွန်စေပါတယ်။ အလုပ်နှင့်ပတ်သက်၍ စိတ်ကျဉ်းကျပ်မှုဖြစ်ပေါ်လာပါက ရုံးခန်းတဝိုက်လျှောက်သွားလိုက်ပါ။ အချိန်အနည်းငယ်မျှ ထိုသို့ပြုလုပ်ပေးလိုက်ခြင်းဖြင့် မိမိနေရာသို့ ပြန်ရောက်သည့်အခါ လန်းဆန်းလာစေမှာပါ။

အကြောအခြင်ဆန့်ပေးပါ။

မိမိနေရာတွင် တနေကုန်တနေခမ်း လုံးလုံးမျှ လှုပ်ရှားခြင်းမရှိဘဲ ထိုင်၍အလုပ်လုပ်ခြင်းက ကျော၊ ဇက် နှင့် ခြေထောက်နာကျင်မှုတို့ကို ခံစားရစေနိုင်ပြီး ထိုမှတဆင့် ကတုန်ကယင်ဖြစ်လာနိုင်ပါတယ်။ ထို့အတွက် နာရီဝတ်ခြားတစ်ခါ ကိုယ်လက်ဆန့်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ တက်ကြွလန်းဆန်းစေမှာဖြစ်ပါတယ်။