အားလုံးပဲမင်္ဂလာပါ။ မနက်မိုးလင်းတာနဲ့ ကျောင်းသွား၊ ရုံးတက်ဖို့အတွက် မနည်းကုန်းရုန်းထနေရသူတွေ ရှိမှာပဲနော်။ ၅ မိနစ်၊ ၁၀ မိနစ်လောက် ထပ်အိပ်လိုက်ဦးမယ်ဆိုပြီး အရှိန်လွန်ပြီး အလုပ်နောက်ကျ၊ ကျောင်းနောက်ကျတာမျိုးရော ကြုံဖူးကြပါသလား။

ဒါဆိုရင်တော့ နာရီနှိုးစက်သံကြားပြီး မျက်လုံးနှစ်လုံးပွင့်တာနဲ့ အိပ်ရာပေါ်က ချက်ချင်းထနိုင်ဖို့အတွက် ဒီနည်းလမ်းလေးတွေကိုတော့ လိုက်နာပေးဖို့ လိုမယ်နော်။

၁။ သင်လက်လှမ်းမမှီတဲ့နေရာမှာ နှိုးစက်နာရီကိုထားပါ

Photo Source: www.downlandbedding.co.uk

Snooze တစ်ခါလုပ်လိုက်၊ မိနစ်အနည်းငယ်လောက်ထပ်အိပ်လိုက်ခြင်းက သင့်ကို အိပ်ရေးဝဖို့ကူညီပေးမှာမဟုတ်ပါဘူး။ အချိန်မှန်အိပ်ရာဝင်ပြီး ပုံမှန်ချိန်အတိုင်းအိပ်ရာထတဲ့အခါမှာ ခန္ဓာကိုယ်ကကျင့်သားရလာပြီး ညဘက်ဆိုရင်လည်း အိပ်ချိန်ရောက်တာနဲ့ ခန္ဓာကိုယ်က အလိုအလျောက် အချက်ပြလာပါလိမ့်မယ်။

၂။ အလင်းရောင်အကူအညီရယူပါ

Photo Source: www.hunker.com

အိပ်ရာကနိုးလာပြီဆိုတာနဲ့ လိုက်ကာစတွေဖွင့်လိုက်ပါ။ သဘာဝအလင်းရောင်က သင့်ဦးနှောက်ကို ထိဖို့အချိန်တန်ပြီး တက်ကြွဖို့လိုပြီဆိုတာကို လှမ်းအသိပေးပါလိမ့်မယ်။

၃။ စိတ်ပျော်စေမယ့် အလေ့အကျင့်လေးတစ်ခုပြုလုပ်ပေးပါ

Photo Source: narraters3.rssing.com

မနက်ပိုင်းမှာ သူငယ်ချင်းများ၊ ချစ်သူခင်သူတွေနဲ့ ပန်းခြံထဲမှာ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ မနက်စာ စားနေရင်းနဲ့ မိမိနှစ်သက်တဲ့ဂျာနယ်ဖတ်တာပဲဖြစ်ဖြစ် ကိုယ်စိတ်ပျော်တဲ့အရာကို ပြုလုပ်ပေးမယ်ဆိုရင် သင့်ဦးနှောက်က မနက်နိုးလာတဲ့အခါပျော်ရွှင်ခြင်းတွေ ခံစားရတော့မှာဖြစ်ကြောင်း အသိပေးပြီး စောင်တွေကြားထဲမှာပဲ ကွေးနေချင်တဲ့စိတ်ကို ဖယ်ရှားပေးမှာပါ။

၄။ မနက်စာစားပါ

Photo Source: www.webmd.com

မနက်စာ စားချင်စိတ်မရှိဖြစ်နေပါသလား။ ပေါင်မုန့်ကို မိရောနိစ်လေးသုတ်ပြီး ကြက်ဥ Half-fried ညှပ်စားလိုက်ရုံနဲ့ ပေါ့ပေါ့ပါးပါးမနက်စာတစ်ခုကို သုံးဆောင်နိုင်ပြီး တစ်နေ့တာလုံး အာရုံစူးစိုက်နိုင်မှုမြင့်မားအောင် ပြုလုပ်ပေးပါလိမ့်မယ်။ အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်ကကျင့်သားရလာပြီး မနက်ထရတာ အခက်အခဲတစ်ခုလိုဖြစ်မှာ မဟုတ်တော့ပါဘူး။

၅။ မီးရောင်မှိန်ထားပါ

Photo Source: www.webmd.com

မအိပ်ခင်တစ်နာရီလောက်အလိုမှာ အခန်းထဲက မီးကို မှိန်မှိန်လေးထားမယ်၊ ဖုန်းအလင်းရောင်နဲ့ အခြားလျှပ်စစ်ပစ္စည်းအလင်းရောင်တွေကိုလည်း ပိတ်ထားလိုက်ခြင်းက ညဘက်ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

၆။ အိပ်ခါနီးမှာ စိတ်လက်ဖြေလျော့ထားပါ

Photo Source: www.rd.com

မအိပ်ခင်တစ်နာရီလောက်အလိုမှာ စိတ်ရှုပ်ထွေးစရာ အီးမေးလ်တွေကို ဖွင့်စစ်ခြင်း၊ အရေးကြီးသောမိသားစုကိစ္စများ ဆွေးနွေးတိုင်ပင်ခြင်းကို ရှောင်ကြဉ်ပါ။ အိပ်ချင်စိတ်ဖြစ်လာဖို့အတွက် အခန်းမီးမှိန်မှိန်လေးမှာ စာဖတ်ခြင်း၊ အိပ်ရာမဝင်ခင် ရေနွေးနဲ့ရေချိုးခြင်း၊ တရားထိုင်ခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။