ကလေးငယ်လေးတွေ အန်ရင်တော့ လူကြီးတွေနဲ့ မတူတာတွေကြောင့် ဖြစ်နိုင်တယ်။ မွေးစကလေး အန်တာ အများဆုံးက နို့စို့ရင်း လေကိုပါမျိုချတာမို့ သူ့အစာအိမ်ထဲ လေအပိုတွေများလို့ အန်တယ်။ ကလေးငယ်တော့ သူ့အစာလမ်းအထိန်းစနစ် ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဖြစ်တယ်။ ဒါမျိုးဖြစ်ရင် ကလေးကို နို့တိုက်ပြီးတိုင်း ခေါင်းထောင်ပြီး ကျောလေးသပ်ပေး လေထုတ်ရမယ်။ လေကပေါ့လို့ လေထွက်မယ့် ပါးစပ်က ကလေးအစာအိမ်နေရာ (ရင်ခေါင်း) ရဲ့အထက်မှာထားရမယ်။

နို့တိုက်တာမှာ အချိန်ခြားတိုက်နိုင်တယ်။ တခါတိုက်ရင် မများစေပါနဲ့။ Gripe water/Gripe mixture လို လေဆေးကို အားမကိုးပါနဲ့။ အဲလိုဆေးက လေပူဖေါင်း သေးသေးလေးတွေကို ပေါင်းစပ်စေပြီးကြီးအောင်လုပ်ပေးတယ်။ လေထွက်ရ လွယ်စေဘို့ဖြစ်ပါတယ်။ ခဏခဏမတိုက်သင့်ပါ။

ဝမ်းလျှောတာနဲ့ အန်တာ ရောနေတယ်ဆိုရင် ဗိုင်းရပ်စ်ဝင်တာဖြစ်မယ်။ ဝမ်းပိတ်ဆေးမလိုအပ်ပါ။ ရှားပါးတာတွေလည်း ရှိတယ်။

အန်တာများရင် အသက်ငယ်လေ ရေနဲ့ ဓါတ်ဆားနည်းတာ ဖြစ်နိုင်လေဖြစ်တယ်။ မျက်တွင်း ချိုင့်နေမယ်၊ မပိတ်သေးရင် ငယ်ထိပ် ခွက်နေမယ်။ ခြေ-လက် အေးစက်လာမယ်၊ အရေပြားကို အသာလေး မ-ကြည့်ရင် အောက်ပြန်ကျတာ အရင်ကလို အမြန်ပြန်မကျနိုင်ဘူး။ အားမရှိဘူး၊ ရေငတ်မယ်၊ ဆီးအရောင် ရင့်မယ်၊ ဆီးနဲမယ်၊ အာခေါင် ခြောက်မယ်၊ ကလေးက ငိုတာတောင်မှ မျက်ရည်ခမ်းနေမယ်၊ ဘယ်လိုချော့ချော့မရဘူး။

အဖတ်မပါတဲ့-နည်းတဲ့ ရေ-အရည်ကိုသာ သောက်ပါ-တိုက်ပါ။ မများစေနဲ့။ မနဲစေနဲ့။ ORS ဓါတ်ဆားရေ ပါးစပ်ကနေ တိုက်လို့ရရင်တိုက်၊ တချို့ ကလေးကို နှာခေါင်းပိုက်နဲ့တိုက်။ မရရင် ဝမ်းလျှောတဲ့သူတွေကို ကုသလို RL drip သွင်းရမယ်။ အန်တာသက်သာဆေးကို အန်လို့တိုက်မရရင် ထိုးပေးရတတ်တယ်။

ကလေး ၂-၃ လအရွယ်မှာ အစာစားကျွေးပြီး ထိုးအန်ရင် Pyloric stenosis ဆိုတဲ့ အစာအိမ်အထွက်နေရာ ကျဉ်းတဲ့ရောဂါ ဖြစ်နိုင်တယ်။ သေခြာစစ်ဆေးပြီး လိုအပ်ရင်ခွဲစိတ်ကုသရတယ်။

အန်လည်းအန်မယ်၊ ငိုလည်းငိုမယ်၊ ဝမ်းထဲမှာလည်း သွေးအနီရောင်ပါမယ်ဆိုရင် Intussusception ခေါ်တဲ့ အူထဲကို အူတိုးဝင်လို့ အူပိတ်ရောဂါ ဖြစ်နိုင်တယ်။ ခွဲစိတ်ရမယ်။ ကလေးတွေမှာ Cyclic vomiting syndrome ဆိုတဲ့ ရောဂါတမျိုးလား စစ်ရမယ်။ အချိန်မှန် အန်နေတာမျိုး။ ခွဲစိတ်ရမယ်။