အချို့လူများသည် အိပ်ရာပေါ်အရောက်၊ ခေါင်းချလိုက်သည်နှင့်တပြိုင်နက် အိပ်ပျော်သွားတတ်ကြပါတယ်။ သို့သော်လည်း လူအများစုသည် ညတိုင်းညတိုင်း အချိန်မှန်မှန်အိပ်ပျော်နိုင်ရန် အင်မတန်အခက်အခဲတွေ့ကြရပါတယ်။ အချို့သုတေသီပညာရှင်များက လူတစ်ယောက်ကို တစ်ညလျှင် ခုနှစ်နာရီမှကိုးနာရီအထိ အိပ်စက်ရန်အကြံပြုကြသော်လည်း လူအများစုမှာ အကြောင်းအမျိုးမျိုးကြောင့် ပျမ်းမျှအားဖြင့် ခြောက်နာရီလောက်သာ အိပ်စက်ချိန်ရှိကြပါတယ်။

အကယ်၍ ထိုသို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရန် ခက်ခဲမှုရှိနေပါက ရိုးရှင်းလွယ်ကူသော နည်းလမ်းတစ်ခုအနေဖြင့် အထောက်အကူပြု အစားအသောက် များကို ရွေးချယ်စားသုံးပေးခြင်းက အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် ညဖက်ညဖက်များတွင် အိပ်ပျော်ရန်ခက်ခဲနေသောသူများအတွက် အထောက်အကူဖြစ်စေမည့် အစားအစာများကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။

၁။ ချယ်ရီသီးများ

ခန္ဓာကိုယ်အတွင်းရှိ ကိုယ်အင်္ဂါများ လှုပ်ရှားမှုကို ထိန်းချုပ်ရန်ကူညီပေးသည့် Melatonin ဓာတ်တစ်မျိုးပါဝင်သောကြောင့် ချယ်ရီသီးများကို ညဖက်မအိပ်မှီအချိန် စားသုံးပေးခြင်းက သင့်ကိုပိုမိုနှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။

၂။ နို့

အမီနိုအက်စစ်ဓာတ်တစ်မျိုးဖြစ်သည့် Tryptophan ပါဝင်သောကြောင့် ညမအိပ်ခင် ပူပူနွေးနွေး နွားနို့တစ်ခွက်သောက်သုံးပေးခြင်းက အိပ်မောကျစေရန် အထောက်အကူပြုနိုင်ပါတယ်။

၃။ ငှက်ပျောသီးများ

အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေသည့် မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နှင့် အခြားဓာတ်သတ္တုများ ပေါင်းစပ်ပါဝင်ပါတယ်။ ကာဗွန်ဟိုက်ဒရိုတ်ပါဝင်မှု မြင့်မားသည့်အတွက်လည်း သင့်ကိုအလွယ်တကူ အိပ်မောကျစေနိုင်ပါတယ်။

၄။ တူနာ

ပိုမိုကောင်းမွန်သော အိပ်စက်မှုကို ဖြစ်ပေါ်စေသည့် Melatonin နှင့် Serotonin တို့ပေါ်ပေါက်လာရန် ခန္ဓာကိုယ်မှလိုအပ်သည့် ဗီတာမင် B6 မြင့်မားစွာပါဝင်ပါတယ်။

၅။ ကြက်ဥပြုတ်များ

ညဖက်အိပ်မပျော်ခြင်းသည် အိပ်ရာသို့မဝင်မီ ပရိုတင်းအခြေခံအစားအစာများ စားသုံးရန်လိုအပ်သောကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ ကြက်ဥပြုတ်တွင် ပရိုတင်းမြင့်မားစွာပါဝင်သောကြောင့် ညတစ်ညလုံး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေရန်အတွက် ကူညီပေးမှာဖြစ်ပါတယ်။

၆။ ဆလပ်ရွက်

အစိမ်းရောင်ရှိ ဆလပ်ရွက်များတွင် ကယ်လ်စီယမ်အမြားအပြားပါဝင်သည့်အတွက် အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေကာ စိုးရိမ်ကြောင့်ကြခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား၊ အရိုးအဆစ်များနားကျင်ကိုက်ခဲခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၇။ ဆေးဖက်ဝင်လက်ဖက်ရည်ကြမ်း

နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရန်အတွက် ညနေပိုင်းအချိန်တွင် ကော်ဖီနှင့် အရက်ပါဝင်သည့်အအေးများ သောက်သုံးခြင်းကိုရှောင်ကြဉ်ရမှာဖြစ်သော်လည်း ဆေးဖက်ဝင်လက်ဖက်ရည်ကြမ်းကို သောက်သုံးပေးခြင်းက တရေးမနိုးဘဲ နှစ်ခြိုက်စွာ အိပ်ပျော်စေမှာဖြစ်ပါတယ်။