အာဟာရမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အစားအစာများကို ဖွံ့ဖြိုးဆဲကလေးငယ်များအား ဂရုတစိုက်ကျွေးဖို့ရန် အင်မတန်ကို အရေးကြီးပါသည်။ ကလေးများလိုအပ်သည့် စွမ်းအင်ပမာဏနှင့် အာဟာများမှာ လူကြီးများနှင့် အထူးပင်ကွာခြားမှုရှိလှပါသည်။ ကြီးထွားဖွံ့ဖြိုးဆဲအဆင့်တွင် ကလေးများ၏ခန္ဓာကိုယ်မှာ တိကျမျှတသည့်ဗီတာမင်နှင့် သတ္တုဓာတ်များအထူးလိုအပ်သဖြင့် မိမိရင်သွေးငယ်များအား ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ဂရုတစိုက်ရွေးချယ်ကျွေးမွေးဖို့လိုအပ်ပါသည်။

ထို့ကြောင့် မည်သည့်အစားအစာများက ကြီးထွားဖွံ့ဖြိုးဆဲ ကလေးငယ်များ၏ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရန်အတွက် လိုအပ်သည့် အာဟာရဓာတ်များကို ပေးစွမ်းနိုင်မလဲဆိုတာ သိရှိစေရန် ဝေမျှပေးလိုက်ရပါတယ်။

၁။ နွားနို့

ကလေးငယ်များလိုအပ်သည့် ကယ်လ်စီယမ်နှင့် ဖော့စ်ဖောရက်စ်ဓာတ်ကြွယ်ဝစွာပါဝင်သည့် နွားနို့ကို မှန်မှန်မှီဝဲသောက်သုံးပေးပါက ခန္ဓာကိုယ်ရှိအရိုးများ၊ သွား နှင့် လက်သည်းများ သန်မာထွားကြိုင်းလာစေမှာဖြစ်ပါတယ်။ ထို့အပြင် ခန္ဓာကိုယ်ကြီးထွားရန်လိုအပ်သည့် ပရိုတင်း၊ ဇင့်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ အစရှိသည့် အာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

၂။ ကြက်ဥများ

ကြက်ဥတွင် ပရိုတင်းဓာတ်ပါဝင်မှု အထူးမြင့်မားသည့်အတွက် ကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်များအတွက် အထူးသင့်တော်ပါတယ်။ မှတ်ဉာဏ်အားကောင်းမွန်စေရန်အတွက် လိုအပ်သည့် ဗီတာမင်ဘီဓာတ်များအပြင် အိုမီဂါသရီးအဆီဓာတ်များ၊ ဗီတာမင်ဒီ၊ ဖော့လစ်၊ ဇင့်၊ သံဓာတ် အစုံအလင်တို့လည်း ပေါင်းစပ်ပါဝင်ပါသေးတယ်။

၃။ ပန်းဂေါ်ဖီစိမ်း

ကယ်လ်စီယမ်ပြည့်ဝစွာပါဝင်သည့် ဟင်းသီးဟင်းရွက်များထဲတွင် တစ်ခုအပါဝင်ဖြစ်သည့် ပန်းဂေါ်ဖီစိမ်းသည် ဖွံ့ဖြိုးဆဲကလေးငယ်များအတွက် အင်မတန်မှ အထောက်အကူဖြစ်နိုင်ပါတယ်။ ဗီတာမင်ဘီအများအပြားပါဝင်သဖြင့် အစာခြေဖျက်စနစ်ကိုကောင်းမွန်စေကာ အာရုံကြောဖွဲ့စည်းမှုစနစ်ကို တိုးတက်စေပါတယ်။

၄။ ဘလူးဘယ်ရီသီးများ

အရသာရှိရုံသာမက အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်သည့် ဘလူးဘယ်ရီသီးများသည် အရွယ်အစားသေးငယ်သော်ငြားလည်း Antioxidant ကြွယ်ဝသောကြောင့် သင့်ခန္ဓာကိုယ်အား အန္တရာယ်ဖြစ်စေနိုင်သည့် အဆိပ်အတောက်များရန်မှ ကာကွယ်ပေးမှာဖြစ်ပါတယ်။

၅။ ဒိန်ချဉ်

ကယ်လ်စီယမ်၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိုတ်၊ ဗီတာမင်ဘီ၊ ဇင့်နှင့် ဖော့စ်ဖောရတ်စ်ပါဝင်သည့် ဒိန်ချဉ်ကိုမှန်မှန်စားသုံးပေးပါက ကျန်းမာကြံ့ခိုင်သည့်အရိုးနှင့်သွားများကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၆။ ကန်စွန်းဥ

မျက်လုံးအားကောင်းရန်အတွက် လိုအပ်သည့်ဓာတ်အများအပြားပါဝင်သည့် အသီးများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပြီး ချိုမြသည့်အရသာကြောင့် ကလေးများကြိုက်နှစ်သက်စွာစားသုံးနိုင်မှာဖြစ်ပါတယ်။

၇။ အုတ်ဂျုံများ

တနေ့တာအတွက်လိုအပ်သည့် အားအင်များကို ဖြည့်ဆည်းရန်အတွက် အကောင်းဆုံးသောမနက်စာများထဲတွင် အုတ်ဂျုံများလည်း အပါအဝင်ဖြစ်ပါတယ်။ အုတ်ဂျုံများကို မနက်စာအနေဖြင့် စားသုံးကြသည့် ကလေးများသည် စာသင်ခန်းထဲတွင် ပိုမိုအာရုံစူးစိုက်နိုင်ကြောင်းကို သုတေသီများကဖော်ပြထားပါတယ်။

၈။ ဒိန်ခဲ

ဒိန်ခဲသည် အရည်အသွေးအထူးကောင်းမွန်ပြီး အလွယ်တကူအစာချေဖျက်နိုင်သည့်အတွက် အသားနေရာတွင် အစားထိုးစားသုံးနိုင်ပါတယ်။

၉။ ငါး

အဆီဓာတ်ပါဝင်မှုနည်းပါးကာ ပရိုတင်းဓာတ်၊ ဗီတာမင်ဘီ နှင့် သတ္တုဓာတ်များကြွယ်ဝသည့် ငါးကိုစားသုံးပေးခြင်းက ကလေးများအစာခြေဖျက်ရန်လွယ်ကူသလို အိုမီဂါသရီးအဆီဓာတ်က ဦးနှောက်မှတ်ဉာဏ်ဖွံ့ဖြိုးမှုနှင့် အမြင်အာရုံတိုးတက်စေရန်အတွက် ကူညီပေးနိုင်ပါတယ်။

၁၀။ ပဲများ

ပဲများတွင် အဆီ၊ ကယ်လိုရီနှင့် ဆိုဒီယမ်ပါဝင်မှုနည်းပါးသည့်အတွက် မှန်မှန်စားသုံးပေးပါက ကလေးများကို ဖျတ်လတ်တက်ကြွစေခြင်း၊ စိတ်ခံစားမှုအားကောင်းစေခြင်း၊ နှလုံးအားကောင်းစေ၍ ကျန်းမာကြံ့ခိုင်သည့်ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းထားနိုင်ခြင်း စသည့်ကောင်းကျိုးများကို ဖြစ်ပေါ်စေနိုင်ပါတယ်။