ကလေးတွေရဲ့အသက်တစ်နှစ်အရွယ်မှာ စတင်စားသုံးရတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး မိဘတွေအထူးဂရုစိုက်ရန်လိုအပ်ပါတယ်။ ကိုယ့်အတွက်ကျန်းမာတယ်ဆိုပေမယ့်လည်း ကလေးအတွက်တော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ကျန်းမာရေးပညာရှင်များ၏အဆိုအရ ကလေးတွေအသက်တစ်နှစ်မပြည့်မချင်း မကျွေးသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ နို့

နွားနို့ သို့မဟုတ် ပဲနို့ဟာ ယခုမှဖွံဖြိုးနေသည့် ကလေးရဲ့ကျောက်ကပ်ကိုပျက်စီးစေနိုင်သည့် ပရိုတင်း၊ သတ္တုဓာတ်တို့ပါဝင်လို့ ကလေးတစ်ယောက်အတွက် အစာခြေဖျက်ရန်အလွန်ခက်ခဲနိုင်ပါတယ်။ ကလေးတစ်နှစ်မပြည့်မချင်း မိခင်နို့ သို့မဟုတ် ဖော်မျူလာတို့ကိုပဲ စွဲမြဲစွာတိုက်ကျွေးပေးပါ။

၂။ အချဉ်ဓာတ်ရှိအသီးအနှံများ

စတော်ဘယ်ရီ၊ raspberry၊ ဘလူးဘယ်ရီနှင့် ဘလက်ဘယ်ရီများသည် ကလေးအတွက်အစာခြေဖျက်ဖို့မလွယ်ကူဘဲ စပျစ်သီး၊ လိမ္မော်သီးတို့တွင်အချဉ်ဓာတ်များပြားလို့ အစာအိမ်ကိုအနှောင့်အယှက်ပေးနိုင်ပါတယ်။

၃။ ပျားရည်

ဝမ်းချုပ်ခြင်း၊ နို့စို့ရခက်ခဲခြင်း၊ ပျော့ခွေခြင်း စတဲ့လက္ခဏာတွေကို ဖြစ်စေတဲ့ ဘတ်တီးရီးယားအရင်းအမြစ်က ပျားရည်တွင်ပါဝင်လို့ ကလေးများကို လုံးဝမကျွေးသင့်ပါဘူး။

၄။ မြေပဲထောပတ်

မြေပဲထောပတ်က ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေကိုဖြစ်စေနိုင်လို့ ကလေးတွေငယ်စဉ်မှာလုံးဝမကျွေးပါနှင့်။ အနည်းငယ်ကြီးလာသည့်အခါမှာလည်း ပေါင်မုန့်ပေါ်တွင် မြေပဲထောပတ်ကို ညီညီညာညာဖြန့်ပေးပါ။

၅။ ဆား

ကလေးများသည် တနေ့လျှင် ဆားကိုတစ်ဂရမ်သာလိုအပ်ပြီး ဖော်မျူလာနှင့်မိခင်နို့တွင် သင့်တင့်မျှတသည့်ပမာဏပါဝင်ပါတယ်။ ကလေးများရဲ့ကျောက်ကပ်ဟာ ဖွံ့ဖြိုးနေဆဲမို့လို့ ဆိုဒီယမ်ပမာဏအကြီးကြီးတွေကို မထိန်းသိမ်းနိုင်လို့ ဆားကိုရှောင်ရှားပေးပါတယ်။

၆။ အခွံမာသီးများ

အခွံမာသီးများသည် ဓာတ်မတည့်မှုများ၊ သေဆုံးမှုကိုဖြစ်ပွားစေနိုင်သည့် ဆို့နင်မှုတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။ ကလေးတွေရဲ့လေပြွန်ကအလွန်သေးငယ်လို့ အရွယ်အစားသေးသည့်အရာပင်လျှင် လည်ပင်းတွင်ဆို့နင်သွားစေနိုင်ပါတယ်။

၇။ ချောကလက်

ကလေးတိုင်းကချောကလက်စားရတာကို ကြိုက်ကြပေမယ့်လည်း ကဖင်းဓာတ်ကသူတို့ကလေးတွေရဲ့ကျန်းမာရေးအပေါ် သက်ရောက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ချောကလက်အပိုင်းကြီးတွေ၊ သကြားလုံးတွေကို လည်ပင်းနင်သွားစေနိုင်လို့ အထူးဂရုစိုက်ပေးပါ။

၈။ ပေါက်ပေါက်ဆုပ်

လူတိုင်းလူတိုင်းကြိုက်နှစ်သက်သည့် ပေါက်ပေါက်ဆုပ်သည် ကလေးများကို လည်ပင်းဆို့နင်စေပါတယ်။ ပေါက်ပေါက်ဆုပ်ရဲ့အတွင်းအလယ်သားက တင်းမာသည့်အတွက် အလွယ်တကူမပျော်နိုင်လို့ ၁၂ လအောက်ကလေးများအား လုံးဝမကျွေးပါနှင့်။