မင်္ဂလာပါ ပျိုမေတို့ရေ… လှပတဲ့ခန္ဓာကိုယ်တစ်ခုကိုပိုင်ဆိုင်ရဖို့က အရေးကြီးဆုံးတော့မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ Gym ဆော့တာတွေက လူငယ်တွေကြားမှာပေါ်ပြူလာဖြစ်လာတာတော့ အမှန်ပါပဲ။ ခန္ဓာကိုယ်လှပဖို့အတွက်ပဲ ဦးစားပေးမနေပဲ ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့လည်း လိုအပ်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွက်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် ကောင်းမွန်စေဖို့ လုပ်ပေးသင့်ဆုံးအချိန်က မနက်ခင်းပိုင်ဆိုတာကိုလည်း မှတ်ထားဖို့လိုပါလိမ့်မယ်။ နေ့တစ်နေ့ရဲ့ အစမှာထဲက ကောင်းမွန်တဲ့အရာမျိုးတွေကို လုပ်နိုင်ဖို့ပြင်ဆင်ထားသင့်တာကြောင့် လေ့လာထားဖို့တော့ လိုပြီနော်။

ပထမဆုံးကတော့ ရေ

မနက်အိပ်ယာကနေနိုးလာတာနဲ့ ရေတစ်ခွက်ကိုကောင်းကောင်းသောက်ပေးဖို့က အရေးကြီးဆုံးပါနော်။ အိပ်ပျော်သွားတဲ့အချိန်အတောအတွင်းမှာ ရေသောက်တာမျိုးတွေမရှိတာကြောင့် အိပ်ယာကနေနိုးလာရင်တော့ ခန္ဓာကိုယ်အတွက်လိုအပ်နေတဲ့ ရေဓာတ်ကိုပြည့်ဝစေဖို့ မနက်ခင်းတိုင်းမှာ ရေကိုဝဝလင်လင်သောက်ပေးဖို့ လိုအပ်ပါတယ်နော်။

အကြောဆန့်ပေးပါ

အိပ်ယာနိုးလာတဲ့အခါမှာ ခန္ဓာကိုယ်မှာရှိနေတဲ့ အကြောအချဉ်တွေအကုန်လုံး ပျေလျော့သွားစေပြီး သွေးလှည့်ပတ်မှုစနစ် ကောင်းမွန်စေဖို့အတွက် အကြောဆန့်ပေးတာမျိုးကို လုပ်ကိုလုပ်ပေးသင့်ပါတယ်။ ဒါမှလည်း ပေါ့ပါးလန်းဆန်းတဲ့ ခန္ဓာကိုယ်နဲ့ နေ့တစ်နေ့ကိုစတင်နိုင်မှာပေါ့။

ဖုန်းကိုမကြည့်ဖြစ်အောင်ကြိုးစားပါ

လူငယ်တချို့ရဲ့ အကျင့်လို့တောင်ပြောလို့ရပါတယ်။ အိပ်ယာကနေနိုးလာတာနဲ့ ဖုန်းကိုတန်းကိုင်ပြီးတော့ အင်တာနက်သုံးတဲ့အကျင့်တွေက ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ခဏလေးဆိုပြီးကိုင်လိုက်ပေမယ့် အချိန်တွေကိုပိုပြီးတော့ကြာသွားစေတာကိုလည်း သတိထားမိဖို့ကလိုပါတယ်။

မဖြစ်မနေမနက်စာ

အချိန်မရလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ မနက်စာမစားတဲ့နေ့ရက်တွေများနေပြီလား။ ဒါဆိုရင်တော့ ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာတော့မဟုတ်ပါဘူး။ တစ်နေ့တာလုံးအတွက် အာဟာရတွေပြည့်ဝနေစေဖို့အတွက် မနက်စာကအဓိကလိုအပ်တာကြောင့် အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေတဲ့ မနက်စာကို ပြည့်ပြည့်ဝဝ စားပေးသင့်ပါတယ်နော်။

Photo Source: Pinterest