အချိန်တိုင်းမှာ ဗိုက်ဆာနေတဲ့ပြဿနာကို ဖြစ်ဖူးကြမယ်လို့ထင်ပါတယ်။ အခုပဲစားပြီးတယ် ခဏနေတော့ ဗိုက်ပြန်ဆာတာမျိုးတွေလည်း ဖြစ်ဖူးကြမှာပါ။ ဝိတ်ချနေတဲ့သူတွေနဲ့ မဝချင်တဲ့သူတွေဆိုရင်တော့ ဗိုက်ခဏခဏဆာနေရင် အဆင်မပြေဘူးနော်။ ဒါကြောင့် အချိန်တိုင်း ဗိုက်ဆာတတ်တဲ့သူတွေအတွက် စားသောက်ပုံနဲ့ ဆောင်ထားရမယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

အစာမစားခင် ၁၀ မိနစ်အလိုမှာ ပန်းသီး (သို့) ထောပတ်သီးလိုမျိုး အမျှင်ဓာတ်ပါဝင်တဲ့ သစ်သီးတွေကို စားပေးရပါမယ်။ အမျှင်ဓာတ်တွေက သွေးတွင်းရှိသကြားဓာတ်ကို မှန်ကန်စေတဲ့အတွက် အစာစားချင်စိတ်ကို လျှော့ကျစေပါတယ်။ အစားစားရင် ဟင်းသီးဟင်းရွက်နဲ့ တွဲစားပေးပါ။ ဟင်းသီးဟင်းရွက်တွေမှာက ဗီတာမင်ဓာတ်တွေနဲ့ သတ္ထုဓာတ်တွေ များစွာပါဝင်လို့ တွဲစားပေးရင် ဗိုက်ခဏခဏဆာတာမျိုး လုံးဝမဖြစ်တော့ပါဘူး။

ရေသောက်နည်းတဲ့အခါနဲ့ ရေငတ်တဲ့အခါမှာလည်း ဆာလောင်မှုကို ဖြစ်ပေါ်စေပါတယ်။ ရေခဏခဏသောက်ပေးရင် ဗိုက်ခဏခဏဆာတာမျိုး လုံးဝမဖြစ်တော့ပါဘူး။ ဒါကြောင့် ဘယ်အစားအစာကိုပဲစားစား မစားခင်မှာ ရေတစ်ခွက်ကြိုသောက်ပြီးမှ စားပေးပါ။ ရေတစ်ခွက်သောက်ပြီး ခဏလောက်စောင့်ကြည့်လိုက်ရင် ဆာလောင်မှုတွေ လျော့ကျသွားတာကို တွေ့ရမှာပါ။ အစာမစားခင်မှာ ရေနှစ်ခွက်သောက်ပေးရင်တော့ စားတဲ့အစာရဲ့ ကယ်လိုရီတွေကို ၇၅ ကနေ ၉၀ ထိ လျော့ကျစေပါတယ်။

အစားအသောက်အပြင် အိပ်ချိန်မှန်ဖို့လည်း လိုပါသေးတယ်။ အိပ်ရေးမဝရင် ကိုယ်တွင်းရှိ Leptin ဟော်မုန်းလျော့ကျစေလို့ အစာစားချင်စိတ်ကို ပိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ဖို့က အရမ်းအရေးကြီးပါတယ်။

ဗိုက်ခဏခဏဆာလာတဲ့အခါမှာ သွားတိုက်လိုက်ပါ။ သွားတိုက်ပေးခြင်းက အစာစားချင်စိတ်ကို စက္ကန့်ပိုင်းအတွင်း လျော့ကျစေပါတယ်။ အထူးသဖြင့် သွားတိုက်ဆေးက ဆာလောင်မှုကို ချက်ချင်းပျောက်စေပါတယ်။ ဒါ့အပြင် ပီကေနဲ့ ငုံဆေးပြား၊ သကြားလုံးတွေကိုလည်း ဆောင်ထားပါ။ ဗိုက်ဆာနေတဲ့အချိန်မှာ အစာအိမ်ထဲကို အချိုဓာတ်ရောက်သွားရင် ဗိုက်ဆာတာကို သက်သာစေပါတယ်။

Photo Source: www.pexels.com