အခုလိုမိုးရာသီမျိုးမှာတော့ အအေးမိတုပ်ကွေးရောဂါတွေက အရမ်းအဖြစ်များပါတယ်။ ဒီလိုမဖြစ်ရအောင် ကိုယ့်အနေနဲ့ အစစအရာရာကို ကြိုတင်ကာကွယ်နိုင်မှ ဖြစ်မှာပါ။ ဒါကြောင့် လူတိုင်းသိထားဖို့လိုတဲ့ မိုးရာသီမှာ အအေးမိတုပ်ကွေးရောဂါမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်ပါ။

Source: www.healthable.org

မိုးစိုလာတဲ့အခါနဲ့ မိုးရေထဲက ပြန်လာတဲ့အခါမျိုးမှာဆိုရင် ရေမြန်မြန်ချိုးပေးပါ။ ရေချိုးရမှာ ကြောက်တဲ့သူတွေဆိုရင် ရေနွေးနဲ့ရေချိုးပေးလို့ရပါတယ်။ ဒါမှလည်း အပြင်ကနေကပ်ပါလာတဲ့ ဗက်တီးရီးယားတွေ သန့်စင်သွားမှာပါ။ ခေါင်းရေစိုလာရင်လည်း အအေးမိတာမျိုးဖြစ်တတ်လို့ သေချာခြောက်အောင်လုပ်ပေးရပါမယ်။

ကိုယ်လက်တွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။ လက်ကိုခဏခဏ ဆပ်ပြာနဲ့ဆေးပါ။ ရာသီတုပ်ကွေးရောဂါက အရမ်းကူးစက်လွယ်ပါတယ်။ တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်တဲ့ဆေးလည်း ထိုးထားလို့ရပါတယ်။

မသန့်ရှင်းတဲ့အစားအစာတွေကို ရှောင်ကြဉ်ပါ။

Source: www.insajderi.com

မိုးရာသီမှာ မသန့်ရှင်းတဲ့အစားအစာတွေကိုစားမိရင် ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်တာကိုတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် ယင်းနားတဲ့အစားအစာတွေနဲ့ လမ်းဘေးစာတွေကို မစားမိအောင် သတိထားပါ။ လမ်းဘေးအသုပ်တွေ၊ တုတ်ထိုးတွေကိုလည်း ဖြစ်နိုင်ရင် မစားတာအကောင်းဆုံးပါ။ အရေးကြီးတာကတော့ အစာမစားခင်မှာ လက်ကိုသေချာဆေးပေးဖို့ပါ။

မိုးတွင်းမှာ ရေကိုများများသောက်ပေးပါ။ အရက်၊ ဘီယာနဲ့ ကော်ဖီတွေဟာ ရေဓာတ်ခမ်းခြောက်စေလို့ ဖြစ်နိုင်ရင် မသောက်တာ အကောင်းဆုံးပါ။ မိုးတွင်းမှာ ဗီတာမင်စီပါတဲ့ အစားအသောက်တွေကို များများစားသုံးပြီး ရာသီတုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

သန့်ရှင်းစွာနေထိုင်ပါ။

Source: www.cleanmyspace.com

မိုးတွင်းဟာ သရက်သီးပေါ်ချိန်ဖြစ်လို့ သရက်သီးကို အိမ်တိုင်းလိုလိုစားကြပါတယ်။ သရက်သီးစားရင် ဘာမှမဖြစ်ပေမယ့် အရေးကြီးတာက စားသုံးပြီးသား သရက်သီးအခွံနဲ့ အစေ့တွေကို အိမ်ထဲမှာ မထားပဲ ချက်ချင်းလွှင့်ပစ်ပါ။ ယင်ကောင်နားနိုင်တဲ့ အမှိုက်တွေကို အိမ်ထဲမထားမိပါနဲ့။ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

မိုးတွင်းမှာ သန့်ရှင်းသပ်ရပ်နေဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် အစားအသောက်တွေနဲ့ အသုံးအဆောင်တွေကို သန့်ရှင်းသပ်ရပ်စွာထားပြီး တုပ်ကွေးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ဟင်းချက်တဲ့နေရာကိုလည်း အမြဲသန့်ရှင်းအောင် ထားဖို့လိုပါတယ်။