သွေးတိုးရောဂါဆိုတာ လူကြီးတွေမှဖြစ်တာမဟုတ်ပါဘူး.။ တချို့လူငယ်တွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ ဒီလိုသွေးတိုးရောဂါရှိနေပြီဆိုရင်တော့ အစားအသောက်၊ အနေအထိုင် စတာတွေအကုန်လုံးကို သေချာဂရုစိုက်ဖို့လိုလာပါပြီ။ ဒါကြောင့် သွေးတိုးရောဂါရှိတဲ့သူတိုင်းဆောင်ရမယ့်အရာတွေနဲ့ ပြုလုပ်ပေးရမယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

သွေးတိုးရောဂါရှိတဲ့သူတွေက ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပေးဖို့ လိုပါတယ်။ မနက်တိုင်း အနည်းဆုံး မိနစ် ၃၀ လောက် လမ်းလျှောက်ပေးရပါတယ်။ ဖြစ်နိုင်ရင် ယောဂကျင့်ပေးသင့်ပါတယ်။ ယောဂကျင့်ပေးတာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကပဲ စိတ်ကျန်းမာရေးအတွက်လည်း အရမ်းကောင်းကျိုးပေးပါတယ်။ ဒါကြောင့် ယောဂပုံမှန်ကျင့်ပြီး ညအိပ်ခါနီးတိုင်းမှာ တရားထိုင်ပေးပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

Photo Source: www.viergang.nl

မက်ဂနီဆီယမ်နဲ့ အမျှင်ဓာတ်တွေများစွာပါဝင်တဲ့ အစားအသောက်တွေကို များများစားပေးရပါမယ်။ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချည်ရွက် စတာတွေကို များများစားပေးပါ။ အိုမီဂါ ၃ အဆီဓာတ်ပါတဲ့ ငါးကြင်း၊ ငါးမြင်း၊ ငါးတန်စတဲ့ ရေချိုငါးတွေကိုလည်း တစ်ပတ် ၂ ကြိမ်၊ ၃ ကြိမ်လောက် စားပေးပါ။

Photo Source: www.healtheries.co.nz

ဗီတာမင်စီကြွယ်ဝပြီး အရည်ရွှမ်းတဲ့သစ်သီးတွေကိုလည်း များများစားပေးပါ။ ဖရဲသီး၊ လိမ္မော်သီး၊ နာနတ်သီး၊ ကမ္ဗလာသီး၊ ရှောက်သီး၊ သံပုရာသီး၊ ကျွဲကောသီး၊ စတော်ဘယ်ရီသီး စတာတွေကို များများစားပေးပါ။ ငှက်ပျောသီးလည်း စားပေးနိုင်ပါတယ်။ သရေစာအဖြစ်နဲ့ နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့၊ သစ်ကြားသီး စတဲ့ အခွံမာသီးတွေကို တစ်ပတ်တစ်ခါလောက် စားပေးပါ။ ပိုတက်ဆီယမ်ဓာတ်တွေပါဝင်တဲ့ အုန်းစိမ်းရေကိုလည်း သောက်ပေးပါ။ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်းပဲ အများကြီးတွေစားသောက်စရာမလိုပါဘူးနော်။

Photo Source: www.impactmontreal.com

သွေးတွင်းရှိ ကိုလက်စထရောဓာတ်ကို လျော့ချပေးနိုင်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ နနွင်းတို့ကိုလည်း များများစားပေးသင့်ပါတယ်။ နွားနို့သောက်ပါ။ နွားနို့သောက်တဲ့အခါမှာလည်း (Low Fat) အဆီဓာတ်နည်းပြီး (High Calcium) ကယ်လ်ဆီယမ်ဓာတ်များစွာပါဝင်တဲ့ နွားနို့ကိုသောက်ပေးရပါမယ်။ စိတ်ဖိစီးမှုတွေမရှိအောင် စိတ်ညစ်စရာတွေမရှိအောင် ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ပါ။ အတတ်နိုင်ဆုံး စိတ်ကိုကြည်လင်ပြီး ပျော်ရွှင်အောင်ထားပါ။

Photo Source: www.oprah.com