လီမွန်သီးတွေဆိုတာဟာ ပုံမှန်သွားနေကျ ဈေးတွေမှာတော့ ရှာမတွေ့နိုင်ပေမယ့်လည်း စီးတီးမတ်တို့လို စူပါမားကတ်တွေကို သွားမယ်ဆိုရင်တော့ ဝါဝါဝင်းနေတဲ့ အသီးလေးတွေကို ဟင်းသီးဟင်းရွက်တန်းမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ဗီတာမင်စီအပြည့်ပါတဲ့ လီမွန်သီးကိုအရည်ညှစ်ပြီး ဖျော်ရည်သောက်ခြင်းက ကျန်းမာရေးနဲ့အလှအပအတွက် ဘယ်လိုကောင်းကျိုးတွေကို သယ်ဆောင်လာနိုင်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

အစာခြေလမ်းကြောင်းအတွက် ကောင်းစွာအလုပ်လုပ်ခြင်း

အူမကြီးကျန်းမာနေဖို့အတွက် လိုအပ်တဲ့ Pectin ဖိုက်ဘာဓာတ်ကို လီမွန်သီးတွေမှာ တွေ့နိုင်တဲ့အတွက်ကြောင့် မနက်ခင်းတိုင်းမှာ လီမွန်ဖျော်ရည်နွေးနွေးလေးတစ်ခွက်သောက်ပေးခြင်းဖြင့် အစာခြေစနစ်ကို နှိုးဆော်လိုက်ပြီး စုဝေးနေတဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

ရေဓာတ်ဖြည့်တင်းပေးခြင်း

ချွေးထွက်ခြင်းဖြင့် ကုန်ဆုံးသွားတဲ့ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကလိုရိုက်တို့ကို ပြန်လည်ဖြည့်တင်းရန်အတွက် ရေသောက်ဖို့အရေးကြီးတယ်ဆိုပေမယ့် လီမွန်ခြမ်းလေးတွေ အနည်းငယ်လောက် ထည့်သွင်းသောက်သုံးပေးမယ်ဆိုပါက ကိုယ်တွင်းရှိ Electrolytes တွေကို ဟန်ချက်ညီအောင် ပြန်လည်ထိန်းသိမ်းတဲ့ဖြစ်စဉ်ကို မြန်ဆန်စေမှာဖြစ်ပါတယ်။

မျက်လုံးကျန်းမာရေး

မုန်လာဥနီတွေကို စားသုံးပေးခြင်းဖြင့် အမြင်အာရုံကို ပိုမိုကောင်းမွန်စေတယ်ဆိုသလိုပဲ ဗီတာမင်စီနဲ့ Antioxidants တွေ အပြည့်ပါဝင်တဲ့ လီမွန်ကို စားသုံးပေးမယ်ဆိုပါက မျက်စိတိမ်စွဲခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နူးညံ့လှပတဲ့အသားအရေအတွက်

အသားအရေထိန်းသိမ်းဖို့အတွက် ရေများများသောက်ပြီး ရေဓာတ်ထိန်းသိမ်းရမယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒီလိုပုံမှန်သောက်သုံးနေကျ ရေထဲကို လီမွန်ညှစ်ထည့်ပြီး သောက်သုံးမယ်ဆိုရင်တော့ အဆိပ်အတောက်တွေဖယ်ရှားခြင်းဖြင့် အရေးကြောင်းတွေ၊ အပြစ်အနာအဆာတွေကို လျော့ကျစေကာ ပိုပြီးချောမွေ့လှပတဲ့ အသားအရေလေးကို ရရှိနိုင်မှာဖြစ်ပါတယ်။

အသည်းကျန်းမာရေး

လီမွန်ဖျော်ရည်ကို နေ့စဉ်တစ်ခွက်သောက်သုံးပေးခြင်းဖြင့် အန်ဇိုင်းအလုပ်လုပ်မှုကို မြှင့်တင်ကာ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လီမွန်မှာပါဝင်တဲ့ အချဉ်ဓာတ်က အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုလည်း လွင့်ပြယ်စေမှာဖြစ်ပါတယ်။

Featured Image Source: Power of Positivity