သက်ရှိလူသားတွေအဖို့ အိုခြင်း နာခြင်း သေခြင်း ဆိုတာလုံးဝ ရှောင်လွဲလို့မရတဲ့ကိစ္စတစ်ရပ်ပါ။ သို့သော်လည်းအရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု ပြဿနာနဲ့ကြုံတွေ့နေရခြင်းက ကောင်းမွန်တဲ့လက္ခဏာတစ်ခုတော့မဟုတ်ပါဘူး။ အဓိကအားဖြင့် ကိုယ့်ရဲ့ နေ့ထိုင်မှုပုံစံတွေမှာ မှားယွင်းမှုတွေ ရှိနေလို့ပါပဲ။ ဒီတစ်ခေါက်မှာတော့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအမှားတွေပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုများခြင်း

Source : medicalnewstoday.com

စိတ်ဖိစီးမှုများခြင်းက သင့်ကိုရုပ်ရင့်စေမယ့် အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဖြစ်ပေါ်နေချိန်မှာ ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ထောက်ပံ့မှုအလုံအလောက်မရရှိတော့ဘဲ ဇီဝကမ္မစနစ်ကို ကမောက်ကမှဖြစ်စေပါတယ်။ ထိုအခါရှိရင်းစွဲအသက်ထက်ပိုပြီး အိုမင်းရင့်ရော်တာမျိုးတွေဖြစ် လာစေပါတယ်။ ဒါကြောင့်အတက်နိုင်ဆုံးစိတ်ဖိစီးမှုကင်းဝေးအောင်နေထိုင်သင့်ပါတယ်။ စိတ်ဖိစီးစရာကိစ္စတွေ ကြုံလာရင်လည်းတရားထိုင်ခြင်း၊လမ်းလျောက်ခြင်း စသည်နည်းလမ်း တွေနဲ့ စိတ်ဖိစီးမှုလျော့ကျအောင်လုပ်ဆောင်ပေးဖို့အကြံပြုလိုပါတယ်။

(၂) အားကစားမလုပ်ခြင်း

Source : Dissolve

လူတိုင်းလူတိုင်းရဲ့နေ့စဉ်ဘဝမှာအချိန်တစ်နာရီခန့်လောက်ပေးပြီး အားကစားမဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။အားကစားလုပ်ခြင်း စိတ်ပျိုကိုယ်နုသလို ကျန်းမာရေးအတွက်လည်း အထောက်အပံ့ကောင်းတွေအများကြီးဖြစ်ပေါ်စေပါတယ်။ အကယ်၍ တစ်ရက်တာ၂၄ နာရီအချိန်အတွင်း ၁ နာရီလောက်တောင်အချိန်ပေးပြီး အားကစားမလုပ်ဖြစ်ဘူးဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာပါ ဆိုးကျိုးတွေရှိလာနိုင်ပြီး သင့်ကိုနဂိုထက်ပိုပြီး ရုပ်ရင့်စေမှာဖြစ်ပါတယ်။

(၃) အိပ်ရေးဝဝမအိပ်ခြင်း

Source : HelloBacsi

ယနေ့ခေတ်လူတွေရဲ့ အိပ်စက်ချိန်တွေဟာ အရမ်းကိုနည်းပါးနေကြပါတယ်။လူတစ်ယောက်တစ်နေ့တာ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ခန္ဓာကိုယ်ကအရေပြားဆဲလ်တွေကိုအသစ်ပြန်လည်မွေးဖွားပေးဖို့ အိပ်စက်ခြင်းကအထောက်အပံ့ပေးတာဖြစ်ပါတယ်။ အိပ်ရေးပျက်တဲ့ရက်တွေများလာတဲ့အခါ စိတ်မကြည်မလင်ဖြစ်ကာ ခန္ဓကိုယ်အရေပြားဆဲလ်တွေလည်းပျက်စီးလာပြီး အိုမင်းရင့်ရော်မှုလမ်းကြောင်းကို အစပျိုးနေမှာဖြစ်ပါတယ်။

(၄) သကြားဓာတ်စားသုံးမှုများခြင်း

Source : Promises Treatment Centers

အချိုကြိုက်တဲ့သူတွေအတွက်တော့ တကယ့်ကိုသတိထားသင့်တဲ့ အချက်ပါပဲ။ သကြားဓာတ်စားသုံးမှုများခြင်းက ခန္ဓာကိုယ် အရေပြားဆဲလ်တွေကို လွန်စွာပျက်စီးဆုံးရှုံးစေပြီး ဆဲလ်အသစ်တွေပြန်လည်မွေးဖွားပေးမှုကိုလည်းဟန့်တားစေပါတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး တခြားသောအန္တရာယ်ရှိတဲ့ရောဂါတွေဖြစ်တဲ့ ဆီးချို နှလုံး အသဲအဆီဖုံး အဝလွန် စတဲ့ရောဂါတွေလည်းဖြစ်ပေါ်စေတာကြောင့် သကြားဓာတ်ကို အဓိကပေးတဲ့အချိုရည်တွေ ရေခဲမုန့်တွေ အားလူးကြော်နဲ့ တခြားသကြားဓာတ်မြင့်မားတဲ့အစားအစာတွေကိုလျော့စားဖို့အကြံပြုလိုပါတယ်။

(၅) ဆေးလိပ်အရက်အလွန်အကျွံသောက်သုံးခြင်း

Source : Dissolve

ဆေးလိပ်နဲ့အရက်သောက်သုံးခြင်းက ယနေ့ခေတ်မှာ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်းတွေ့ရတဲ့ ကိစ္စတစ်ခုပါ။ဆေးလိပ်နဲ့ အရက်မှာပါဝင်တဲ့ ဓာတုဓာတ်တွေဟ အရေပြားထဲက ဓါတ်တိုးဆန့်ကျင်နှုန်းကို လျှော့ချနိုင်ပြီး Free Radical ထိခိုက်နိုင်တာကြောင့် အသားအရေ ပျက်စီး ခြောက်သွေ့တာမျိုးတွေဖြစ်စေပါတယ်။ဒါ့အပြင် သွေးလည်ပတ်မှု ကိုလည်းအနှောက်ယှက်ဖြစ်စေတာကြောင့် အတက်နိုင်ဆုံး ဆေးလိပ်နဲ့ အရက် ဖြတ်ဖို့တိုက်တွန်းချင်ပါတယ်။

Reference: https://www.cheatsheet.com/health-fitness/unhealthy-mistakes-that-make-you-age-faster.html/