ခွေးဆိုတဲ့ တိရစ္ဆာန်လေးတွေဟာ လူသားတွေရဲ့ အကောင်းဆုံးအဖော်တစ်ယောက်အနေနဲ့ သတ်မှတ်ထားကြပေမယ့်လည်း ခွေးတိုင်းကတော့ မဖော်ရွေပါဘူး။ ခွေးလေးတွေမှာ တိရစ္ဆာန်အသိဆိုတာရှိတဲ့အတွက်ကြောင့် တစုံတခုမှားယွင်းသွားခဲ့ပါက ဖော်ရွေတဲ့ခွေးလေးကတောင် ရန်မူလာနိုင်ပါတယ်။

ဒါကြောင့် အပြင်ရောက်နေချိန်မှာ မထင်မှတ်ဘဲ ခွေးတစ်ကောင်က ကိုယ့်ကိုရန်မူလာတော့မယ်ဆိုပါက အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲအခြေအနေတွေမဖြစ်လာအောင် သိထားသင့်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

မကိုက်ပေမယ့် ကြမ်းကြမ်းတမ်းတမ်းရန်မူတဲ့အခါ

ခွေးရဲ့နားနှစ်ဖက်ဟာ အသားကုန်ထောင်နေပြီး အနောက်ဖက်ကိုပို့ထားတာဟာ မာန်ဖီနေတဲ့အတွက်ကြောင့် သူ့ကိုဝေးဝေးရှောင်ပြီး အတတ်နိုင်ဆုံး အဝေးဆုံးကိုလျှောက်သွားလိုက်ပါ။ ဒါပေမယ့် ဒီလိုလုပ်လို့လည်း မထူးဘူးဆိုရင်တော့

  • ခွေးကိုငြိမ်အောင်လုပ်ဖို့ သို့မဟုတ် ပြုံးပြတာမျိုးလုပ်ဖို့ မကြိုးစားပါနဲ့။ လူသားတွေအတွက်တော့ အပြုံးဟာ ခင်မင်ဖော်ရွေမှုနဲ့ ပျော်ရွှင်မှုကို ဖော်ပြခြင်းဖြစ်ပေမယ့် တိရစ္ဆာန်အတွက်တော့ သွားဖြဲပြတာကိုမြင်ပြီး သူ့ကိုစိန်ခေါ်နေသလိုပါပဲ။
  • ခွေးနဲ့ မျက်လုံးချင်းမဆိုင်မိအောင် ကြိုးစားပြီး လျစ်လျူရှုလိုက်ပါ။ နောက်ဆုံးမှာ ကိုယ့်ကိုရန်မမူတော့ဘဲ သူ့ဘာသာငြိမ်သွားပါလိ့မ်မယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့ကြောက်ရွံ့မှုကိုပြသပြီး လက်ကိုလွှဲမယ်ဆိုရင်တော့ ခွေးရဲ့ရန်မူတာကိုခံရဖို့ အနှေးနဲ့အမြန်ပါပဲ။
  • ကိုယ့်ဘေးပတ်ဝန်းကျင်မှာ လူတစ်ယောက်ယောက်ရှိခဲ့ပါက အကူအညီတောင်းပါ။ တောင်းတဲ့အခါမှာလည်း အသံအကျယ်ကြီးနဲ့မဟုတ်ဘဲ ညှင်သာစွာပြောဆိုပါ။
  • ခွေးကိုတုတ်နဲ့ရမ်းခြင်း သို့မဟုတ် ငရုတ်ကောင်းဖြန်းဆေးတို့ အသုံးပြုခြင်းမလုပ်ပါနဲ့။ ဒီလိုလုပ်ခြင်းက ခွေးတွေကို ပိုပြီးဒေါသဖြစ်စေနိုင်ပါတယ်။
  • ဖြေးဖြေးချင်းနောက်ဆုတ်ပါ ဒါပေမယ့် ခွေးကိုကျောမပေးပါနဲ့။ ပြီးတော့ ပြေးဖို့လဲမကြိုးစားပါနဲ့။ ပြေးမယ်ဆိုရင် အနောက်ကလိုက်ဖို့က အသေချာပါပဲ။

ခွေးကတိုက်ခိုက်လာပြီဆိုရင်

တိရစ္ဆာန်တိုင်းဟာ အကြောင်းအရင်းတစ်ခုခုကြောင့် အမြဲတမ်းတိုက်ခိုက်တာဖြစ်ပေမယ့် ထိုအကြောင်းအရင်းက ဘယ်တော့မှ မသိသာပါဘူး။ ပုံမှန်အားဖြင့် ဗိုက်ဆာတဲ့အခါ ဒါမှမဟုတ် သူတို့ရဲ့ရင်သွေးလေးတွေ၊ နေရာကို ကာကွယ်တဲ့အခါတွေမှာ တိုက်ခိုက်တတ်ပါတယ်။

ဖော်ပြထားတဲ့ အကြောင်းအရင်းတွေကြောင့်မဟုတ်ဘဲ ခွေးကတိုက်ခိုက်လာပြီဆိုရင်တော့ အောက်ဖော်ပြပါ နည်းလမ်းတွေကို သတိရဖို့လိုအပ်ပါပြီ။

  • ဘာလုပ်လို့လုပ်ရမှန်းမသိရင်တော့ ခွေးကိုမအော်ပါနဲ့။ အော်ဟစ်ခြင်းက သူ့ဒေါသကိုဆွလိုက်သလိုပါပဲ။
  • အကယ်လို့ ခွေးက ကိုယ့်ဆီတည့်တည့်ပြေးလာပြီဆိုရင်တော့ သူ့ရဲ့ခေါင်းကို ဂျက်ကက် သို့မဟုတ် ဆွယ်တာနဲ့ ဖုံးလိုက်ပါ။ ပြီးရင် သူနဲ့ကိုယ့်ကြားမှာ သစ်ပင်၊ စာတိုက်ပုံး၊ ခုံတန်းလိုမျိုး အရာတစ်ခုခုခြားလိုက်ပါ။ ဒါမှမဟုတ် သစ်ပင်ပေါ်တက်ပြေးပါ။
  • ကိုယ့်ဆီမှာရှိတဲ့ အိတ် သို့မဟုတ် အရာတစ်ခုခုကို အခြားဘေးတစ်ဖက်ကို ပစ်လိုက်ပြီး ခွေးကိုအာရုံပြောင်းပါ။ သင်ပြေးဖို့အချိန်နည်းနည်းရသွားနိုင်ပါတယ်။
  • လည်ပင်းကိုလက်နှစ်ဖက်နဲ့ဖုံးထားပါ။ လူသားတစ်ဦးအတွက် လည်ပင်းက အလွန်အရေးကြီးတာကြောင့် အကိုက်ခံရမယ်ဆိုရင်တောင် ညို့သကျည်းနဲ့ လက်ဖျံပဲကိုက်မိနိုင်ပါတယ်။
  • အကိုက်ခံရပြီဆိုတာနဲ့ အတင်းပြန်ဆွဲတာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်ခြင်းက အသားစကို ပိုမိုပြဲသွားအောင် ဖြစ်စေနိုင်တာကြောင့် ပြန်ဆွဲမယ့်အစား ခွေးရဲ့ နှာခေါင်း သို့မဟုတ် မျက်လုံးကိုရိုက်လိုက်ပါ။

တခါတလေမှာ တစ်ကောင်တည်းမဟုတ်ဘဲ အစုလိုက်အပြုံလိုက် ဝိုင်းရံလာတာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီ့အခါလည်း လုပ်ရမှာကအတူတူဖြစ်ပေမယ့် တစ်ခုသတိထားရမှာကတော့ ခွေးတွေက ကိုယ့်ကိုမဝိုင်းထားပါစေနဲ့။

အကိုက်ခံရပြီဆိုရင် ဘာလုပ်ရမလဲ

အကိုက်ခံလိုက်ရပြီဆိုတာနဲ့ အနာကိုချက်ချင်းကုသဖို့လိုနေပါပြီ။

  • အနာကိုဆပ်ပြာ၊ ရေတို့နဲ့ ချက်ချင်းဆေးပြီး အရက်ပြန်ပွတ်ပါ။
  • လမ်းဘေးခွေးဖြစ်ဖြစ် အိမ်မွေးခွေးဖြစ်ဖြစ် အကိုက်ခံရပြီဆိုတာနဲ့ ဆေးရုံးကိုပြေးပါ။ ဆေးရုံမှာ လိုအပ်တဲ့ဆေးစစ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။
  • ပြီးရင် ခွေးရူးပြန်ရောဂါအတွက် ဆေးထိုးရပါမယ်။

Source: BrightSide