ကမ္ဘာပေါ်မှာ နှစ်စဉ်လူသိန်းနဲ့ချီပြီး လေဖြတ်ရောဂါဝေဒနာကို ခံစားနေကြရပါတယ်။လေဖြတ်ခြင်းဟာ လူကြီးပိုင်းလူတွေမှာ အဖြစ်များတဲ့ ရောဂါဖြစ်ပေမယ့် မိသားစုမျိုးရိုးရှိသူတွေနဲ့ ယနေ့ခေတ်စားသောက်နေထိုင်မှုမှားယွင်းနေတဲ့ လူငယ်တွေမှာပါ အချိန်မရွေးဖြစ်နိုင်တာကြောင့် သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်သင့်အနေနဲ့ လေဖြတ်ခြင်းဝေဒနာမခံစားရအောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) သွေးပေါင်ချိန်ထိန်းပါ

Source : Shutterstock

သွေးပေါင်ချိန်မြင့်တက်ခြင်းဟာ လေဖြတ်ခြင်းကိုဖြစ်စေတဲ့ အကြီးအမားဆုံးသော တွန်းအားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ရှိသူအများစုဟာ လေဖြတ်နိုင်ခြေရာခိုင်နှုန်းပိုများတာဖြစ်ပါတယ်။လေဖြတ်ခြင်းကိုကာကွယ်ဖို့ဆိုရင် ရှိသင့်တဲ့သွေးပေါင်ချိန်ထက် ပိုမများအောင် ထိန်းသင့်ပြီး သွေးပေါင်ချိန်တက်စေမယ့်အစားအသောက်တွေ နေထိုင်မှုပုံစံတွေကို သတိပြုရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။

(၂) ကိုယ်အလေးချိန်လျော့ပါ

Source : Shutterstock

လေဖြတ်ခြင်းဟာ ကိုယ်အလေးချိန်များသူတွေနဲ့ အဝလွန်နေသူတွေမှာ ပိုပြီးအဖြစ်များတွေ့ရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဆီအဆိမ့်နဲ့ ဆားစားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်မှာအဆီပိုတွေစုလာပြီး လေဖြတ်ဖို့ရာခိုင်နှုန်းပိုများလာမှာဖြစ်ပါတယ်။ ဒါကြောင့်တစ်နေ့တာ စားသုံးမှု ပုံစံကို ပြောင်းလဲပါ။ ဆားလျော့စားပါ။အသီးအရွှက်များများစားပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ကာ ကိုယ်အလေးချိန်လျော့ချမယ်ဆိုရင် လေဖြတ်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၃) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Source : Shutterstock

နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်မယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာရောက်ပြီး သွေးပေါင်ချိန်လျော့ကျစေကာ လေဖြတ်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၅ ရက်ခန့် လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။ မနက်ခင်းလမ်းလျောက်ခြင်း Gym ကစားခြင်း စက်ဘီးနင်းခြင်းစသည်ဖြင့် တစ်နေ့ကို မိနစ် ၃၀ ခန့် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဖြင့် လေဖြတ်ခြင်းလျော့ကျစေနိုင်မှာ ဖြစ်သလို ကျန်းမာတဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၄) ဆေးလိပ်နဲ့အရက်လျော့ပါ

Source : Shutterstock

ဆေးလိပ်နဲ့အရက်အလွန်အကျွံသောက်သုံးခြင်းဟာ လေဖြတ်ခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို အဆိုးရွှားဆုံး ထိခိုက်စေနိုင်သလို လေဖြတ်ခြင်းကိုဖြစ်စေဖို့ ရာခိုင်နှုန်းပိုများ စေမှာဖြစ်ပါတယ်။ထို့နည်းအတူအရက်ဟာလည်း ပုံမှန်တစ်ခွက်နှစ်ခွက် ဆေးဖြစ်ဝါးဖြစ်သောက်သုံးမယ်ဆိုရင် ကျန်းမာ ရေးအတွက်ကောင်းနိုင်ပေမယ့် အလွန်အကျွံ မှီဝဲမယ်ဆိုရင် တော့ လေဖြတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် လေဖြတ်ခြင်းကို ကာကွယ်ဖို့ဆိုရင် ဆေးလိပ်နဲ့ အရက်ကိုအတက်နိုင်ဆုံးလျော့ သင့်ပါတယ်။

(၅) သွေးတွင်းသကြားဓာတ်ကိုလျော့ပါ

Source : Shutterstock

သွေးတွင်း သကြားဓာတ်မြင့်တက်နေခြင်းဟာ ဆံချည်မျှင်သွေးကြောလေးတွေကို ပျက်စီးစေပြီး သွေးပြစ်ခြင်းသွေးခဲခြင်း ပြဿနာများ ဖြစ်ပွားစေ နိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်မြင့်တက်နေမှုကြောင့် ဆီးချိုသွေးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ လေဖြတ်ခြင်းဟာ ဆက်စပ်နေတာကြောင့် ဆီးချိုသွေးချိုဝင်လာပြီဆိုရင် လေဖြတ်ဖို့ ရာခိုင်နှုန်းအရမ်းကိုများလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကိုလျော့ချပါ။အစားအသောက်အနေအထိုင် သတိပြုပါ။ လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း သတိပြုနေထိုင်သင့်ပါတယ်။

Reference Source : https://www.health.harvard.edu/womens-health/8-things-you-can-do-to-prevent-a-stroke?fbclid=IwAR3xGwmhXba5kL2L2hu6LwD_GNr-5WpIt4WXk8fsA7DrgcURE9pNbAy8f5k