ညဘက်အိပ်စက်မှုမှာ ပုံစံကျမှ ကောင်းမွန်တဲ့အိပ်စက်မှု ဖြစ်မှာပေါ့နော် My Health ပရိသတ်ကြီးရေ… ခေါင်းအုံးတွေဟာ နည်းစနစ်တကျအိပ်စက်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။ ခေါင်းအုံးတွေကို ခေါင်းအုံးဖို့တင် သုံးတာမျိုးထက် ခြေထောက်နှစ်ခုအကြားမှာလည်း ညှပ်ထားပြီး အိပ်မယ်ဆိုရင် ပိုကောင်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိခံစားနိုင်ပါတယ်။

(၁) သွေးလည်ပတ်မှု ပိုကောင်းစေတယ်

ခြေထောက်နှစ်ခုအကြားမှာ ခေါင်းအုံးထားပြီး အိပ်ခြင်းအားဖြင့် ကိုယ်တွင်းထဲက သွေးကြောတွေ ဖိအားလျော့စေပြီး သွေးလည်ပတ်မှု ပိုလွယ်ကူစေပါတယ်။ သွေးလည်ပတ်မှုကောင်းခြင်းဟာ ကိုယ်တွင်းအင်္ဂါတွေ မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်အောင် ကူညီပေးပြီး ကိုယ်ခံအားစနစ်ပို ကောင်းမွန်စေပါတယ်။

(၂) ဟောက်ခြင်းကို ကာကွယ်ပေးနိုင်တယ်

အိပ်နေစဉ် ဟောက်တတ်တဲ့ ပြဿနာရှိသူတစ်ယောက်အတွက် ခေါင်းအုံးလေး ခွပြီး အိပ်ပေးမယ်ဆိုရင် ဟောက်တဲ့ပြဿနာကိုလျှော့ချစေပါတယ်။ ဘေးတစောင်း အိပ်ခြင်းဟာ အိပ်နေစဉ် ဟောက်မှုကို လျော့ပါးစေပြီး လူလည်း ပိုလို့ သက်တောင့်သက်သာခံစားရစေနိုင်ပါတယ်။

(၃) ဒူးခေါင်းဖိအားတွေ လျှော့ချပေးနိုင်ပါတယ်

ညအိပ်နေချိန် မကြာခဏ ဒူးနာတတ်သူတို့အတွက် ဒူးအနာသက်သာချင်တယ်ဆိုရင် ခေါင်းအုံးပျော့တစ်လုံး ဒူးနှစ်လုံးကြားမှာ ညှပ်ထားပြီး အိပ်စက်သင့်ပါတယ်။ ပက်လက်လှန်အိပ်မယ်ဆိုရင်လည်း ဒူးနှစ်ဖက်အောက်မှာ ခေါင်းအုံးထိုးထားပြီး အိပ်တာက ဒူးအနာသက်သာစေပါတယ်။ ဘေးတစ်စောင်းလှဲ အိပ်တတ်တယ်ဆိုရင်လည်း ဒူးနှစ်လုံးအကြားမှာ ခေါင်းအုံးထား အိပ်ပေးသင့်ပါတယ်။

(၄) အိပ်စက်မှုပုံစံ မှန်စေပါတယ်

အိပ်စက်မှုပုံစံလွဲမှားခြင်းကြောင့် ခါးနာတာ ၊ အဆစ်အမြစ်တွေ ကိုက်ခဲတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ တချို့ဆို မနက်အိပ်ရာထချိန်မှာ ကိုင်ရိုက်ထားသလို တစ်ကိုယ်လုံး နာကျင်နေတတ်တာဟာ အိပ်စက်မှုပုံစံမှားနေလို့ ဖြစ်ပါတယ်။ ခေါင်းအုံးငယ်တစ်လုံးကို ခွပြီး အိပ်ကြည့်မယ်ဆိုရင် ကျောရိုးမအဆစ်အမြစ်တွေ ဖိအားနည်းပြီး ပုံစံအချိုးကျတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အကူအညီပေးနိုင်သလို မနက်အိပ်ရာထချိန်မှာလည်း သက်တောင့်သက်သာ ဖြစ်နေမှာပါ။

Photo Source: brightside