ပြင်းထန်သော အေရိုးဗစ်လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့ ပြေးတာက စိတ်ပိုင်းဆိုင်ရာနှင့် နှလုံးသွေး ကြောဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းပါတယ်။ နေ့စဥ် မိနစ် ၂၀ လောက် ပြေးရုံနဲ့တင် နှလုံး အလုပ်လုပ်မှုကို ကောင်းစေပြီး ကြွက်သားများကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ပြေးတာဟာ အကုန်အကျနည်းပြီး ပြေးဖို့အတွက် ဖိနပ် ကောင်းကောင်း တစ်ရံဖိုးဘဲ ကုန်ကျစရိတ် ရှိပါတယ်။

နှလုံးအခြေအနေကို တိုးတက်စေပါတယ်

ပြေးတာက နှလုံးအတွက် ကောင်းမွန်သော လေ့ကျင့်ခန်းဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ နှလုံး ညှစ်အားကို ထိရောက်စွာ ကူညီပေးပါတယ်။ ပြေးတာက သွေးကြောတွေကို ပျော့ပျောင်းစေပြီး သွေး စီးဆင်းမှုကို ချောမွေ့စွာ စီးဆင်းစေပါတယ်။နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတွေက သွေးပေါင်ချိန် နဲ့ မကောင်းတဲ့ (LDL) ကိုလက်စထရောကို လျှော့ချပေးပြီး ကောင်းတဲ့(HDL) ကိုလက်စထရောကို တိုးစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေပါတယ်

ကယ်လိုရီတွေ လောင်ကျွမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ ပြေးတာက အဆီ လောင်ကျွမ်းဖို့ အကောင်းဆုံးနည်းလမ်းပါ။ 73 ကီလိုဂရမ်ရှိတဲ့ လူတစ်ယောက်ဟာ တစ်နာရီကို 12 km နဲ့ ပြေးတဲ့အခါ ကယ်လိုရီ 600 လောက် လောင်ကျွမ်းနိုင်ပါတယ်။ သင်က ကိုယ် အလေးချိန်ကျချင်တယ်၊ ပိန်ချင်ဆိုရင်တော့ ပြေးတာနဲ့ စတင်လိုက်ပါ။

အရိုးတည်ဆောက်မှုကို အားကောင်းစေပါတယ်

ပြေးခြင်းသည် ကိုယ်အလေးချိန်ကျစေသော လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး  အရိုးတွေကို သန်မာစေတဲ့ သတ္တုသိပ်သည်းဆ (BMD) ကို မြှင့်တင်ပေးတာ‌ကြောင့်  အသက်ကြီးလာသည်နှင့်အမျှ အရိုးပွခြင်း၊ လဲကျခြင်းနဲ့  အရိုးကျိုးခြင်း စတဲ့ အရိုးနဲ့ ပတ်သတ်တဲ့ ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်

ပြေးတာနဲ့ တခြားအေရိုးဗစ်လေ့ကျင့်ခန်းတွေက သင်ယူမှုမှတ်ဉာဏ်ဖြစ်တဲ့ ဦးနှောက်ရဲ့ Hippocampus အတွင်းက ဦးနှောက်ဆဲလ်တွေ ကြီးထွားမှုကို ဖြစ်ပေါ်စေပါတယ်။လှုပ်ရှားမှု၊ ညှိနှိုင်းမှုနှင့် ရေရှည် မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ ဦးနှောက် ရဲ့ အစိတ်အပိုင်းတွေကို ဖွံ့ဖြိုးစေပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေပါတယ်

ပြေးတာက စိတ်ခံစားမှုကောင်းစေတဲ့ သဘာဝ အန်ဒိုဖင် ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။ ပြေးတာမှာ အထူးသဖြင့် အကွာအဝေးပြေးတာက သင့်စိတ်ကို ရှင်းဖို့  သို့မဟုတ် ပြဿနာတစ်ခုကို တွေးတောဖို့ အချိန်နဲ့နေရာကို ပေးပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ပြေးတာက စိတ်ခံစားချက်ကို ချက်ချင်း မြှင့်တင်နိုင်ပြီး  စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ပါတယ်။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်

ပြေးတာက လူရဲ့ကြီးထွားဟော်မုန်းထွက်ရှိမှုကို အားပေးတာကြောင့် အသက်အရွယ်ဆိုင်ရာ အရိုးနှင့် ကြွက်သားများ ဆုံးရှုံးခြင်းကို နှေးကွေး စေပါတယ်။