လူတွေနေ့စဉ်စားသုံးနေတဲ့ အစားအစာတိုင်းမှာ ဆားပါဝင်မှုရှိပါတယ်။ ဆားဟာဟင်းလျာတွေရဲ့အရသာကိုပိုမိုလေးနက်ဖို့ အကူညီပေးသလို ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အိုင်အိုဒင်းဓာတ်ကိုလည်း ပေးစွမ်းပါတယ်။ သို့သော်လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားနဲ့အညီ ဆားစားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်မှာဘယ်လိုမျိုးဆိုးကျိုးတွေသက်ရောက်လာနိုင်လဲဆိုတာကို စာဖတ်ပရိသတ်တွေအတွက် ပြောပြပေးချင်ပါတယ်။

(၁) ခေါင်းကိုက်ဝေဒနာခံစားလာရမယ်

Source : The Healthy

ခန္ဓကိုယ်မှာလိုအပ်တဲ့ဆားစားသုံးမှုပမာဏထက်ပိုပြီး စားသုံးမိမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်မှု ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်တွင် ရေဓာတ်ခမ်းခြောက်မှုဖြစ်လာတဲ့အခါ ခေါင်းကိုက်ခြင်းဝေဒနာကိုခံစားရနိုင်ပါတယ်။ ဒါကြောင့်မိမိတစ်နေ့တာစားသုံးတဲ့ အစားအစာတွေထဲမှာ တက်နိုင်သလောက် ဆားဓာတ်လျော့စားဖို့အကြံပြုလိုပါတယ်။

(၂) သွေးပေါင်ချိန်ထိုးတက်လာမယ်

Source : nutifood.com.vn

ဆားစားသုံးမှုများရင် သွေးပေါင်ချိန်တက်လာတယ်ဆိုတာတော့ အကြမ်းဖျင်းအားဖြင့် အားလုံးလိုလိုသိကြပါတယ်။ သွေးပေါင်ချိန်ထိုးတက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေအနေနဲ့ သွေးတိုးခြင်း နှလုံးသွေးကြောကျဉ်းခြင်း ရုတ်တရက်လေဖြတ်ခြင်း သွေးခဲခြင်း နှလုံးရောဂါဝေဒနာ ခံစားရခြင်းစတဲ့ ကြောက်စရာကျန်းမာရေးပြဿနာတွေကြုံတွေ့ရနိုင်တာကြောင့် ဖြစ်နိုင်ရင်ဆားကိုလျော့စားပေးပါ။

(၃) ဦးနှောက်စွမ်းရည်ကျဆင်းခြင်း

Source : Tarifi.info

ကိုယ့်ရဲ့တစ်နေ့တာဆားစားသုံးခြင်းက ဦးနှောက်နဲ့အာရုံကြောအပေါ် သက်ရောက်မှုရှိတယ်ဆိုတာသင်သိပါသလား။ ဆားစားသုံးမှုများတဲ့အခါ ဦးနှောက်နဲ့ အာရုံကြောရဲ့လုပ်ဆောင်ချက်တွေကို နှးကွေးလာစေပြီး မှတ်ဉာဏ်စွမ်းရည်ကိုလျော့ကျစေပါတယ်။ လက်ရှိမှာမသိသာပေမယ့် အချိန်ကြာလာတာနဲ့ အမျှ မေ့လျော့လာတာ အာရုံစူးစိုက်မှုတွေလျော့ကျလာတာ စသည်ဖြင့် ဦးနှောက်နဲ့သက်ဆိုင်တဲ့ပြဿနာတွေကြုံလာနိုင် တာကြောင့်တက်နိုင်သလောက်ဆားကိုလျော့စားပေးဖို့ မှာချင်ပါတယ်။

(၄) အရိုးနဲ့အဆစ်အမြစ်များရောင်ရမ်းလာမယ်

Source : Fisioterapia Online

ခန္ဓာကိုယ်အဆစ်အမြစ်တွေရောင်ရမ်းနာကျင်ခြင်းတွေဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့တစ်နေ့တာဆားစားသုံးမှုကို ပြန်လည်ဆန်းစစ်ဖို့လိုလာပါပြီ။ ဆားဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ကယ်လ်ဆီယမ်ဓာတ်ကိုခြေဖျက်ပစ်တာကြောင့် အရိုးအကြောဆိုင်ရာခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အားလျော့စေပါတယ်။ ဆားစားသုံးမှုများတဲ့အခါအရိုးများပွလာခြင်း ခန္ဓာကိုယ် အဆစ်အမြစ်များ ရောင်ရမ်းခြင်း နာကျင်ကိုက်ခဲခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ဝေဒနာခံစားရမှဆားလျော့စားတာထက်စာရင်ကြိုတင်ကာကွယ်ခြင်းက ကုသမှုထက် ပိုထိရောက်တာကြောင့် အခုထဲကဆားကိုလျော့စားပါ။