ကြွက်သားများ သန်မာမှုရှိခြင်းက စွမ်းအင်အတွက်သာမက သင့်ပုံပန်းသွင်ပြင်အတွက်ပါ အရေးပါ ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ခန္ဓာကိုယ်ဟန်ချက်ညီဖို့၊ ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားရရှိဖို့၊ ဇီဝကမ္မဖြစ်စဉ် တိုးတက်ကောင်းမွန်ဖို့နဲ့ မျက်နှာဖွဲ့စည်းတည်ဆောက်ပုံတို့အတွက် ခန္ဓာကိုယ်ကြွက်သားက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

နေမကောင်းဖြစ်ပြီးနောက် ပြန်လည်ကျန်းမာပြီး စွမ်းအင်ပြန်လည်ရရှိဖို့အတွက် ကြွက်သားများက အရေးပါပါတယ်။ သင် ဖျားနာနေတဲ့အချိန်၊ နာမကျန်းဖြစ်လို့ ဆေးရုံတက်နေရတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က လုံလောက်တဲ့ အာဟာရဓာတ်မရရှိပါဘူး။ အဲ့ဒီအခါ ကြွက်သားအင်အားလည်း ဆုံးရှုံးသွားပါတော့တယ်။ အဲ့ဒီလို ကြွက်သားဆုံးရှုံးခြင်းက နာမကျန်းဖြစ်ခြင်းမှ ပြန်လည်နလန်ထူလာနိုင်ဖို့ကို နှေးကွေးစေပါတယ်။

ယေဘုယျအားဖြင့် သက်ကြီးရွယ်အို ၅၀ ရာခိုင်နှုန်းခန့်က ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကြွက်သားများဆုံးရှုံးနေမှုကို ခံစားနေရပါတယ်။

ကြွက်သားသန်မာမှု အားနည်းလာခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

အသက်အရွယ်ရလာတာနဲ့အမျှ ကြွက်သားဆုံးရှုံးလာခြင်းက ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ ဒါပေမယ့် ပုံမှန်ထက်ပိုပြီး ကြွက်သားဆုံးရှုံးတဲ့အခါ အထူးဂရုပြုသင့်ပါတယ်။

ကိုယ်အလေးချိန် လျော့ကျလာခြင်း၊ အားနည်းလာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ညဘက်တွင် ချွေးထွက်ခြင်း၊ အာရုံခံစားနိုင်စွမ်း ကျဆင်းခြင်း၊ အစား စားချင်စိတ် မရှိခြင်း (သို့) အလွန်အကျွံ အစားစားခြင်း စတာတွေက ကြွက်သားကျန်းမာမှု လျော့နည်းလာခြင်းနဲ့ ဆက်စပ်နေပါတယ်။

ပုံမှန်လမ်းလျှောက်နှုန်းထက် နှေးကွေးစွာ လမ်းလျှောက်ခြင်းက ကြွက်သားများ ဆုံးရှုံးခြင်းရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ အသက်အရွယ်ရတဲ့ လူကြီးတွေအဖို့ ကြွက်သားသန်မာမှုကို ထိန်းသိမ်းထားဖို့ဆိုတာကတော့ သူတို့အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ပညာရှင်များရဲ့ ပြောကြားချက်အရ လူသားတွေက ဘယ်အသက်အရွယ်မှာမဆို ကျန်းမာသန်စွမ်းမှုကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

သင် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရခြင်း၊ ဒါမှမဟုတ် တက်ကြွလန်းဆန်းမှုကို ခံစားနေရခြင်းတွေကို ကြွက်သားသန်မာမှုက ထိန်းချုပ်ပေးထားတာပါ။ ဒါ့အပြင် သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏ သုံးစွဲမှုကိုလည်း အကျိုးသက်ရောက်မှု ရှိပါသေးတယ်။ အရေးအကြီးဆုံးကတော့ နှလုံးကြွက်သားလေးတွေ ညှစ်အားကောင်းဖို့အတွက် ကြွက်သားတွေ သန်မာနေဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် သင့်ရဲ့ ကြွက်သား ကြံ့ခိုင်သန်မာနေဖို့ ပြုလုပ်ပေးရမယ့် နည်းလမ်းလေးတွေကို ဆက်ဖတ်ကြည့်ရအောင်။

လေ့ကျင့်ခန်း ပြုလုပ်ခြင်း

သင့်ရဲ့ ကြွက်သားဖွဲ့စည်းတည်ဆောက်မှု ကောင်းမွန်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ သူတို့ကို ကောင်းစွာအသုံးချခြင်းပါပဲ။ ပြေးလွှားလှုပ်ရှားပါ၊ Gym သွားပါ၊ တက်တက်ကြွကြွနေပါ။ ကြွက်သားသန်မာဖို့အတွက်ဆိုပြီး အလေးတုံးအကြီးကြီး မစရာမလိုပါဘူး။ လှေကားအတက်အဆင်းပြုလုပ်ခြင်းကလည်း ကြွက်သားကျန်းမာဖို့အတွက် အထောက်အကူပြုပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အထိုင်များပြီး လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံကတော့ ကြွက်သားသန်မာမှုအတွက် အကြီးမားဆုံး ရန်သူပါပဲ။

ကြွက်သားတွေကို အားဖြည့်ပါ

လုံလောက်တဲ့ အာဟာရဓာတ်ကို မရရှိဘူးဆိုရင် ကြွက်သားသန်မာမှု ကျဆင်းနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်က စွမ်းအင်နဲ့ အာဟာရတွေကို ကြွက်သားတွေဆီက အစားထိုးယူလိုက်ရလို့ပါပဲ။ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝခြင်း၊ အာဟာရဓာတ် မျှတစွာ ရရှိခြင်းက သင့်ကို ကျန်းမာရေးကောင်းစေတဲ့အပြင် အသက်ရှည်ရှည်နဲ့ တက်ကြွပေါ့ပါးတဲ့ လူနေမှုဘဝ ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါတယ်။

ကြွက်သားကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ပရိုတိန်းနဲ့ HMB ဓာတ်များ လုံလောက်စွာ ရရှိပါစေ။ အိုမင်းရင့်ရော်ခြင်း ဇရာကိုတော့ လွန်ဆန်လို့မရပေမယ့် ကြွက်သားပမာဏ ဆုံးရှုံးခြင်းကိုတော့ HMB အကူအညီနဲ့ နှေးကွေးအောင် ပြုလုပ်လို့ရပါတယ်။

HMB ဆိုတာကတော့ ကြွက်သားပမာဏကို ထိန်းသိမ်းကာကွယ်ပေးထားနိုင်တဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အတုမရှိတဲ့ အာဟာရဓာတ်တစ်မျိုးပါပဲ။

HMB က ကြွက်သားထိခိုက်မှုဒဏ်ကို ကာကွယ်ပေးပြီး နာမကျန်းဖြစ်ပြီးနောက် အလျင်အမြန်ပြန်လည်ကျန်းမာစေဖို့ ကူညီပေးပါတယ်။

HMB က ဘယ်လို အလုပ်လုပ်သလဲ

ကာယလေ့ကျင့်ရေးသမားတွေကတော့ HMB ကို သိတာ ကြာပါပြီ။ မကြာသေးခင်က လေ့လာချက်တွေအရ HMB က အသက်အရွယ်ကြီးတဲ့ အဘိုးအဘွားတွေ၊ အသက် ၅၀ ကျော်ပြီဖြစ်တဲ့ လူကြီးတွေ အသက်ကြီးလာတာတောင်မှ ကျန်းမာသွက်လက်နေဖို့အတွက် အင်အားတွေရရှိအောင် ကူညီပေးပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်က အသက်ကြီးလာလေ HMB ထုတ်လုပ်မှုက ကျဆင်းလာလေပါပဲ။

ဒါ့ကြောင့် အစားအစာတွေကနေတစ်ဆင့်၊ ဖြည့်စွက်စာတွေကနေတစ်ဆင့် HMB ဓာတ်ရရှိအောင် ပြုလုပ်သင့်ပါတယ်။ ယနေ့ခေတ်မှာတော့ ဈေးကွက်ထဲမှာ ဖြည့်စွက်စာအမြောက်အမြားကို ဝယ်ယူရရှိနိုင်ပေမယ့် ကြွက်သားကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မယ့် ဖြည့်စွက်စာကိုတော့ သေချာရွေးဝယ်သင့်ပါတယ်။