ဒီနေ့ခေတ် ဘဝတွေက အရမ်းကို စိတ်ဖိစီးမှုများပါတယ်။ အလုပ်တွေအများကြီးလုပ်ရ၊ အိမ်ထောင်ဝန်တွေထမ်းဆောင်ရနဲ့ တချိန်လုံးနီးပါး စိတ်ဖိစီးနေရပါတယ်။

ဒီလို တချိန်လုံးနီးပါး စိတ်ဖိစီးနေတာများလာရင် ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ နှလုံးရောဂါနဲ့ အဝလွန်ရောဂါတို့ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုများလာရင် Cortisol ဆိုတဲ့ ဟော်မှုန်းထွက်စေပြီး ဗိုက်မှာ အဆီပိုစုစေပါတယ်။

ဒါ့ကြောင့် စိတ်ဖိစီးမှုကို လျော့ချဖို့ အာဟာရမျှတအောင် စားဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။

ဘာကြောင့် စက်ဘီးစီးသင့်သလဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ထုတ်ပြန်ချက်အရ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကျန်းမာရေးပြဿနာတွေအများဆုံးဖြစ်ရတဲ့ အကြောင်းအရင်းက လှုပ်ရှားမှုမရှိတာကြောင့်ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုမရှိတာဟာ နှစ်စဉ်ကျန်းမာရေးစရိတ် ဒေါ်လာ သန်း ထောင်နဲ့ချီပြီး ကုန်နေရတာပါ။

ဒါ့ကြောင့်  WHO က စက်ဘီးစီးဖို့ အကြံပေးထားပါတယ်။ စက်ဘီးစီးတာမျိုးလို ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူဟာ အသက် ၁၀ နှစ်ပိုရှည်ပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်

အပြေးအားကစားပြီးတဲ့နောက်မှာ နှလုံးကျန်းမာရေးအတွက် ဒုတိယအကောင်းဆုံး အားကစားက စက်ဘီးအားကစားဘဲဖြစ်ပါတယ်။ စက်ဘီး အားကစားက နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ချစေပါတယ်။

တစ်ကိုယ်လုံးကို အရွယ်တင်လှပစေ

ခြေသလုံးတို့၊ ပေါင်တို့မှာ အဆီတွေရှိနေရင်လည်း စက်ဘီးစီးရင်း အဆီတွေကျသွားမှာပါ။ စက်ဘီးစီးခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို သန်မာစေပြီး၊ အဆီတွေကို ချပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေ

စက်ဘီးစီးခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကိုပိုပြီး အေးချမ်းစေပါတယ်။ အထူးသဖြင့် ရှုခင်းလှတဲ့နေရာတွေသွားပြီး စက်ဘီးစီးရတာ သာယာခြင်းတစ်မျိုးပါဘဲ။

အိပ်ပျော်စေ

အဆုတ်ထဲကို လေကောင်းလေသန့်တွေရောက်စေတာကြောင့် ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင်များများရောက်စေပြီး စိတ်ဖိစီးမှုဟော်မှုန်းကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် ကောင်းကောင်းအိပ်ပျော်စေပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေ

စက်ဘီးစီးခြင်းက ကယ်လိုရီတွေအများကြီးလောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်ကို ကျစေပါတယ်။ စက်ဘီးစီးတာက တခြားလေ့ကျင့်ခန်းတွေလို အဆစ်အမြစ်တွေကိုလည်း မထိခိုက်မနာကျင်စေပါဘူး။

စက်ဘီးစီးခြင်းက ကိုယ်အလေးချိန်ကျဆင်းစေပြီး၊ ကြွက်သားတွေကို သန်မာစေကာ အမောခံနိုင်ပါတယ်။

စက်ဘီးတစ်စီးက ကားတစ်စီးထက်သက်သာ

အားလုံးသိပြီးသားအတိုင်းပါဘဲ စက်ဘီးရဲ့ ဈေးနှုန်းက ကားတစ်စီးဈေးနှုန်းထက်အများကြီးသက်သာတဲ့အပြင် ပြုပြင်ထိန်းသိမ်းစရိတ်ကလည်း ကားလောက်ဈေးမကြီးပါဘူး။

ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သက်သက်မပေးချင်ဘူးဆိုရင် အလုပ်သွားအလုပ်ပြန် စက်ဘီးစီးပေးပါ။