လေဖြတ်တယ်ဆိုတာဟာ ဦးနှောက်ထဲကို သွေးရောက်တာနည်းတာနဲ့ သွေးမရောက်တော့တာတို့ဖြစ်ပါတယ်။

ဦးနှောက်ထဲမှာ မိနစ်ပေါင်းလောက်ဘဲ သွေးမရောက်ပေမယ့် ဦးနှောက်ဆဲလ်ပေါင်းများစွာကို ပျက်စီးစေပါတယ်။

ဒါ့ကြောင့် လေဖြတ်နိုင်ချေရှိတဲ့ အခြေအနေများကို ဝေမျှချင်ပါတယ်။ လေဖြတ်နိုင်ချေရှိတဲ့အခြေအနေထဲမှာရောက်ရှိနေရင် နေထိုင်မှုပုံစံတွေ ပြောင်းလဲဂရုစိုက်နိုင်အောင် ဝေမျှပေးလိုက်ပါတယ်။

သွေးတိုးရှိသူများ

လျစ်လျူမရှု သင့်တဲ့ သွေးတိုးတဲ့ လက္ခဏာများ

သွေးတိုးရှိသူတွေက လေဖြတ်နိုင်ချ ပိုများလေ့ရှိပါတယ်။ ဒါ့ကြောင့် သွေးတိုးကို ကျအောင်အမြဲတစေ ဂရုစိုက်နေထိုင်သင့်ပါတယ်။

ဆေးလိပ်သောက်သူများ

သင်ဟာ ဆေးလိပ်သောက်နေရင်တော့ တဖြည်းဖြည်းလျော့သောက်ပြီး ဖြတ်နိုင်အောင် ကြိုးစားပါ။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ စီးကရက်သောက်ခြင်းဟာ လေဖြတ်နိုင်ချေကို ပိုများစေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းနဲ့ Carbon Monoxide တွေက နှလုံးစနစ်ကို ထိခိုက်စေပြီး လေဖြတ်စေပါတယ်။

တားဆေးသောက်နေတဲ့အမျိုးသမီးတွေ စီးကရက်သောက်ရင် လေဖြတ်နိုင်ချေကို ပိုမြင့်စေပါတယ်။

ဆီးချို

ဆီးချို (Type 1 ကော၊ Type 2 ကော) ရှိနေသူတွေကလည်း သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးဖို့ လိုအပ်ပါတယ်။

ဆီးချိုကလည်း လေဖြတ်နိုင်ချေကို တိုးမြင့်ပါတယ်။

ဆီးချိုသမားတွေမှာ သွေးတိုးတွေလည်း ရှိတတ်ပြီး အဲ့လိုလူနာတွေအများအားဖြင့်က ကိုယ်အလေးချိန်များလို့ဖြစ်ရတာပါ။

နေထိုင် စားသောက်မှု

ပြည့်ဝဆီများတဲ့ အစားအစာတွေ၊ ကိုလက်စထရောပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးတာများရင် သွေးအတွင်း ကိုလက်စထရောကိုမြင့်မားစေပါတယ်။ အဲ့ဒီအပြင် ဆားစားသုံးမှုများရင်လည်း သွေးဖိအားကိုမြင့်စေပါတယ်။ ကယ်လိုရီပါဝင်မှုများတဲ့အစားအစာတွေကလည်း ကိုယ်အလေးချိန်ကို တက်စေပါတယ်။ နောက်ဆုံးမှာတော့ လေဖြတ်နိုင်ချေကို ပိုများစေပါတယ်။

တစ်နေ့ကို အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ ၅ ကြိမ်လောက်စားပေးသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု

ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သူတွေက လေဖြတ်၊ နှလုံးရောဂါ၊ သွေးတိုး၊ ကိုလက်စထရောမြင့်မားမှု၊ ဆီးချို စတဲ့ရောဂါဖြစ်ပွားနိုင်ချေတွေကို မြင့်မားစေပါတယ်။

ဒါ့ကြောင့်တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက်လှုပ်လှုပ်ရှားရှား နေပေးသင့်ပါတယ်။

အဝလွန်ခြင်း

အဝလွန်နေရင် သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ လေဖြတ်ရောဂါတွေဖြစ်ပွားနိုင်ချေကို မြင့်တက်စေပါတယ်။ ဒါ့ကြောင့် တဖြည်းဖြည်း ကိုယ်အလေးချိန်ကို ဆရာဝန်နဲ့ တိုင်ပင်ပြီးချသင့်ပါတယ်။

သွေးအတွင်း ကိုလက်စထရောဓာတ်များခြင်း

သွေးအတွင်း ကိုလက်စထရောဒတာ်များနေရင် လေဖြတ်နိုင်ချေကို မြင့်မားစေပါတယ်။ သွေးအတွင်းမှာ ကိုလက်စထရောဓာတ်တွေက သွေးကြောကို ကျဉ်းစေ၊ သွေးကြောပိတ်စေပါတယ်။