ခန္ဓာကိုယ်အတွင်းက အပူမှုတ်သောကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပြီး အထူးသဖြင့် ဆောင်းရာသီမှာ ဖြစ်တတ်ပါတယ်။ ဝမ်းမကြာခဏချုပ်ခြင်း၊ စိတ်ပူပန်တတ်ခြင်း၊ သောကများခြင်း၊ ဝမ်းချုပ်စာ၊ လေပူစာတွေဖြစ်သည့် ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ကောက်ညှင်းမုန့်၊ ဒံပေါက်ထမင်း၊ အုန်းထမင်း၊ ဒူးရင်းသီး၊ တညင်းသီး၊ မျှစ်ချဉ်၊ ငါးပိချက် စသဖြင့် အစားများပြီး ဝမ်းကို မပြုပြင်ဘဲထားမည်ဆိုလျှင် အပူနာတွေဖြစ်ပေါ်လာတတ်ပါတယ်။

ဆောင်းရာသီ၊ မိုးရာသီကဲ့သို့ အေးမြသောရာသီအချိန်အခါမျိုးတွင် အချိန်မဲ့ရေချိုးခြင်းပြုလျှင် အပြင်မှအအေးပတ်ဖွဲ့စေပြီး ဝမ်းတွင်းမှအပူခိုးတွေဟာ မွေးညင်းပေါက်တွေကမထွက်နိုင်တော့ဘဲ အာခံတွင်းကို တက်သောကြောင့် အာခေါင်နာခြင်း၊ အက်ကွဲခြင်း၊ လျှာနှင့်ပါးစောင်တွေ၊ နှုတ်ခမ်းအတွင်းဖက်တွင်အနာပေါက်ခြင်းများ ဖြစ်လာရပါတယ်။

ထိုကဲ့သို့ လေပူမှုတ်နာဖြစ်လာခဲ့ပြီဆိုလျှင် ဝမ်းကို ပြုပြင်ပေးရပါမယ်။ မန်ကျည်းမှည့်ကို ပျားရည်နဲ့စပ်ပြီး သောက်ပေးနိုင်ပါတယ်။ အပူကန်စာ၊ အပူကြွစေသည့် အစာတွေကို ရှောင်ရှားပြီး ဝမ်းတွင်းအေးစေကာ လေကိုအောက်ကိုသက်စေသည့် ဘူးသီး၊ ဘူးရွက်၊ ဟင်းနုနွယ်ရွက် စသည့်သီးနှံတွေကို ချက်ပြုတ်စားပေးသင့်ပါတယ်။

ပါးစပ်ကို ဆားရည်နှင့်မကြာခဏ ပလုတ်ကျင်းပေးသင့်ပြီး ရေများများသောက်သုံးပေးသင့်ပါတယ်။