ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ်လျှောက်လုံးရဲ့ အခက်ခဲဆုံးအရာများထဲတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ရဖို့ကြိုးစားရတာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ပူအိုက်ပြီး ချွေးများထွက်ခြင်း၊ သက်သောင့်သက်သာမရှိခြင်း၊ တင်ပါးများကိုက်ခဲခြင်း၊ လှဲလိုက်တဲ့အချိန်မှာ ရင်ပူတာ ပိုဆိုးလာခြင်း စသည့်ပြဿနာမျိုးစုံဖြစ်ပေါ်လာတဲ့အတွက် အိပ်ရာထဲမှာကို အချိန်အတော်ကြာလူးလှိမ့်နေရတတ်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်းမှာ အိပ်စက်ရန်အတွက် အကောင်းဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

မှောက်လျက်အိပ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်အစောပိုင်းတွင် မှောက်လျက်ပိုက်ခြင်းက ပြဿနာမရှိနိုင်သော်လည်း ကိုယ်ဝန်တဖြည်းဖြည်းရင့်လာသည့်အခါ ကလေးရောမိခင်အတွက်ပါ အန္တရာယ်ရှိလာနိုင်ပါတယ်။

ပက်လက်လှန်အိပ်ခြင်း

ကနဦးအစအချိန်များတွင် အိပ်စက်မှုပုံစံနှင့်ပက်သက်ပြီး စိုးရိမ်စရာမရှိသော်လည်း သုံးလကျော်သွားပြီဆိုရင်တော့ ပက်လက်လှန်အိပ်တာကို ရှောင်ရှားသင့်ပါတယ်။ ပက်လက်လှန်အိပ်သည့်အခါ သားအိမ်ကသွေးကြောများအပေါ် ဖိအားပေးသောကြောင့် နှလုံးသို့သွေးပြန်ရောက်သွားစေပါတယ်။

အချိန်ကြာကြာပက်လက်လှန်ထားမယ်ဆိုရင် အချင်းနှင့်ကလေးဆီသို့ရောက်ရှိမည့် သွေးနှင့်အာဟာရဓာတ်ပမာဏကို ကန့်သတ်လိုက်နိုင်ပါတယ်။ ဒါ့အပြင် သင့်ကိုလလည်း မူးဝေပြီးမအီမသာဖြစ်စေပါတယ်။

ညာဖက်သို့လှည့်ပြီးအိပ်စက်ခြင်း

ကိုယ်ဝန်ဆောင်နေစဉ် နောက်ပိုင်းအချိန်တွင် မှောက်လျက် သို့မဟုတ် ပက်လက်လှန်အိပ်ခြင်းထက် ညာဖက်သို့လှည့်ပြီးအိပ်စက်ခြင်းက ပိုမိုသင့်တော်ပေမယ့်လည်း ညာဖက်သို့စောင်းပြီးအိပ်စက်ခြင်းက အသည်းအပေါ်ဖိအားသက်ရောက်စေနိုင်သောကြောင့် ဆရာဝန်များက ရှောင်ရှားစေလိုပါတယ်။

ဘက်ဖက်သို့စောင်းပြီးအိပ်ခြင်း

ဆရာဝန်များကတော့ ကိုယ်ဝန်ဆောင်သည်များကို ဘယ်ဖက်သို့စောင်းပြီးအိပ်ဖို့ တိုက်တွန်းထားပါတယ်။ ထိုသို့အိပ်စက်ခြင်းက လေးလံသည့်သားအိမ်ကို အသည်းအပေါ်ဖိအားရောက်စေမှုကို ကာကွယ်ပေးပြီး အချင်းမှတဆင့် ကလေးလိုအပ်သည့် အာဟာရဓာတ်နှင့်အောက်စီဂျင်ကို ရရှိစေပါတယ်။ ထိုမျှမက သွေးလည်ပတ်မှုကိုကောင်းမွန်စေတာကြောင့် ဘယ်ဖက်ကိုစောင်းပြီးအိပ်စက်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ဖို့….

အိပ်ရာသို့မဝင်ခင် အကြောအခြင်တွေပြေစေဖို့ ရေနွေးနွေးလေးချိုးပေးခြင်းက ခန္ဓာကိုယ်ကိုငြိမ်သက်မှုရှိစေကာ အနားယူနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် အသီးလက်ဖက်ရည်နွေးနွေးလေးတစ်ခွက်သောက်ပေးခြင်းကလည်း သက်ရောက်မှုရှိစေပါတယ်။